ကျောက်နီမော်ရွာ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်

0
2342

လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့ (အောက်တိုဘာ ၄) မနက် ၅ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

ကျောက်နီမော်ရွာရှိ စက်ရုံအဟောင်းတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီ နှင့် ပျူစောထီး ပူးပေါင်းတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“လက်နက်ကြီးတွေရောပါပဲ စစ်တပ်က လူနေအိမ်တွေဘက်ကို ဆုတ်လာတော့ ရွာထဲက နေအိမ်တွေနား လက်နက်ကြီးကျတာ တွေရှိတယ်။ အိမ်တွေထိခိုက်တာတော့ ကြီးကြီးမားမားမတွေ့ရဘူး”ဟု ၎င်းဒေသခံကပြောသည်။

ယနေ့မနက် ၅ နာရီကျော် ကစပြီး ၈နာရီကျော်အထိ သုံးနာရီနီးပါးကြာ နှစ်ဖက်ပစ်ခတ်မှုကြောင့် ဒေသခံများ ဘေးလွတ်ရာထွက်ပြေးခဲ့ကြရသည်ဟု နောက်ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

“အခုထိကျွန်မ ဘာမှမပြောထွက်ဘူး။ ပြေးဖို့တောင် ပြေးမထွက်ဘဲဖြစ်ရတယ်။ ဝပ်ဝပ် ဆိုတာနဲ့ နီးစပ်ရာ ဝပ်နေရတယ် ခုထိပဲ”ဟု ၎င်းကပြောသည်။

ကျောက်နီမော်ရွာသည် လောင်းလုံး ရှင်မော်သွား ကားလမ်းမတွင်တည်ရှိပြီး ထားဝယ်မြို့မှ ကုန်း ကြောင်း ရေကြောင်းဖြင့်သွားလာနိုင်သော ကျေးရွာတစ်ရွာလည်းဖြစ်သည်။

ယနေ့မနက် ဖြစ်ပွားသည့်တိုက်ပွဲကြောင့် ထားဝယ်မြို့မှရေကြောင်းစစ်ကူ ဆင်းလာနေသည့်ဆိုသည့် သတင်းများကြောင့် ထပ်မံ ပစ်ခတ်မှု ဖြစ်မည်ကို ဒေသခံများ က စိုးရိမ်နေကြသည်ဟုဆိုသည်။