မွန်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ တစ်လအတွင်း နှစ်ဆနီးပါးတိုး

0
488

မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအခြေအနေသည် တစ်လအတွင်း နှစ်ဆနီးပါး တိုးလာသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှိထံမှ ရရှိသည့် စာရင်းအရ သိရသည်။

ပြည်နယ်အတွင်း သွေးလွန်တုပ် ကွေးကူးစက်ဖြစ်ပွားမှုသည် ဇူလိုင်လ ၁၄ ရက်နေ့အထိ ၄၉၀ ကျော်ရှိနေရာမှ သြဂုတ်လ ၁၄ ရက်နေ့အထိတွင် ၉၀ဝ နီးပါးထိ ရောက်ရှိလာခြင်း ဖြစ်သည်။

ယခုနှစ် မွန်တော်လှန်ရေးနေ့ ဗဟိုအခမ်းအနား မကျင်းပဖြစ်

သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုများ လာရခြင်းသည် ရေကို စနစ်တကျသို လှောင်မှုမရှိခြင်း၊ အမှိုက်စနစ်တကျ စွန့်ပစ်မှုမရှိခြင်းနှင့် သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းဆိုင်ရာအပေါ် လိုက်နာဆောင်ရွက်မှု အားနည်းခြင်းတို့ကြောင့် ဖြစ်သည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစည်သူရဲနောင် က ပြောသည်။

“လက်တွေ့ အကောင်အထည်ဖော်တဲ့ နေရာမှာ အားနည်းနေတာတွေ့ရတယ်” ဟု ဒေါက်တာစည်သူရဲနောင်က ပြောသည်။

ပြည်နယ်အတွင်း သွေးလွန်တုပ် ကွေးကူးစက်ဖြစ်ပွားသူအများစုသည် အသက် ၁၅ နှစ်အောက်ကလေးများဖြစ်ပြီး သြဂုတ်လ ၁၄ ရက်နေ့အထိ ဆယ်လသား တစ်ဦး၊ ရှစ်နှစ်အရွယ် တစ်ဦးနှင့် အသက် ၁၅ နှစ်အရွယ် တစ်ဦး စုစုပေါင်း သုံးဦးမှာ သေဆုံးခဲ့သည်။

သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမြင့်တက်လာသည့်အပြင် သေဆုံးမှုလည်းရှိ နေသည့်အတွက် မပေါ့ဆကြရန်နှင့် တစ်စုံတစ်ရာထူးခြားမှုရှိပါက နီးစပ်ရာ ဆေးရုံ ဆေးခန်းသို့ ပြကြရန်လည်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက အသိပေး တိုက်တွန်းထားသည်။

“စပ်ဆေးတွေ မသောက်ကြဖို့၊ စပ်ဆေးသောက်ရင် သွေးလွန်တုပ်ကွေးမှာ ပိုပြီးတော့ဆိုးတယ်” ဟု ဒေါက်တာ စည်သူရဲနောင်က ပြောသည်။

ကျန်းမာရေးဦးစီးဌာနမှ သိရချက်အရ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုသည် ပြည်နယ်အတွင်း၌ မော်လမြိုင်မြို့နယ်တွင် ကူးစက်မှုအများဆုံး၊ ပေါင်မြို့နယ်သည် ဒုတိယအများဆုံးနှင့် မုဒုံမြို့နယ်သည် တတိယအများဆုံး ဖြစ်သည်။

မိုးတွင်းကာလတွင် အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တားဆီးရန်အတွက် ပြည်နယ် ကျန်းမာ ရေးဌာအနေဖြင့် ကျန်းမာရေးပညာပေး လုပ်ငန်းများ၊ မြို့နယ်ကျန်းမာရေး ဌာနတို့နှင့် ပူးပေါင်းပြီး အပတ်စဉ် ခြင် နှိမ်နင်းကာကွယ်ရေးလုပ်ငန်းများနှင့် ပိုးလောက်လန်းသတ်ဆေးခတ်ခြင်း လုပ်ငန်းတို့ကိုလည်း သက်ဆိုင်ရာ မြို့နယ်ရှိ ကျေးရွာ၊ ရပ်ကွက်များတွင် ဆောင်ရွက်လျက်ရှိသည်။

သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှုသည် အရေးကြီးကြောင်း ပြည်သူ လူထုပါဝင်မှုရှိမှသာ ကြိုတင်ကာကွယ် တားဆီးရေးလုပ်ငန်းများ အောင်မြင်နိုင်မည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က ပြောသည်။