ရွှေအရောင်းအဝယ် ကျနေဆဲ

0
392

ကိုဗစ်ကပ်ရောဂါကြောင့် ရွှေအရောင်းအဝယ်အခြေအနေမှာ အေးစက်နေဆဲဖြစ်ကြောင်း ထားဝယ်ရွှေဆိုင် အချို့ထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်က အလှူအတန်းနှင့် မင်္ဂလာဆောင်၊ ပွဲလမ်းသဘင်များရှိသဖြင့် ရွှေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်အတိုင်းသာရှိနေသော်လည်း ယခုနှစ်တွင်ကိုဗစ်-၁၉ ရောဂါဖြစ်ပြီး ဖေဖော်ဝါရီ လခန့်မှ စတင်ကာ အရောင်းအဝယ်များ ထက်ဝက်မက လျော့ကျသွားခဲ့သည်မှာ ယခုအချိန်အထိဖြစ်ကြောင်း ရွှေဆိုင် လုပ်ငန်းရှင်အချို့ကပြောသည်။

ကိုဗစ်ကာလ စက်ချုပ်သမ

ကိုဗစ်ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်ခဲ့ခြင်းနှင့် ရွှေဈေးအပြောင်းအလဲ အတက်အကျဖြစ်ခြင်းတို့ကြောင့် ရွှေအရောင်းအဝယ်ဈေးကွက် အေးနေခြင်းဖြစ်သည်ဟု ထားဝယ်မြို့၊ ဈေးကြီးတောင်ဘက်ခြမ်းမှ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

“အခုက ပါးကို ပါးနေတယ်။ အခုဆို အရောင်းအဝယ်မရှိဘူး။ ဈေးကလည်း အတက်အကျဖြစ်နေတာကိုး” ဟု အထက်ပါအမျိုးသမီးက ဆိုသည်။

ကိုဗစ်ကာလတွင် တစ်နေ့လုံးဆိုင် ဖွင့်သော်လည်း မရောင်းရဘဲ ပြန်ရသည့် နေ့များလည်းရှိသည်ဟု ထားဝယ်မြို့၊ ဈေးကြီးတောင်ဘက်ခြမ်းမှ အသက် ၄၃ နှစ်ခန့်ရှိ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီး က ပြောသည်။

“အရောင်းအဝယ်မရှိဘူး။ အစ်မတို့မှာ မိုးလင်းတည်းကနေအခုထိ တစ်ခုမှ မရောင်းရသေးဘူး။ တော်တော်လေး ပါးတယ်။ အရောင်းအဝယ်ပါးတာက ကိုဗစ်ဖြစ်တည်းကပဲ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

အချို့ဆိုင်များတွင် ရွှေဝယ်သူထက် လာရောင်းသူက ပိုများနေပြီး အရောင်းအဝယ်မှာ ပြီးခဲ့သည့်နှစ်ကထက် လေးပုံတွင် တစ်ပုံလောက်သာ အရောင်းအဝယ်ဖြစ်နေသည်ဟု ဆိုသည်။

သြဂုတ်လ ၂၂ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့် မေးမြန်းချက်အရ အခေါက်ရွှေဈေးမှာ ကျပ်ဆယ့်သုံးသိန်းနှစ်ထောင် ဝန်းကျင်ခန့်ရှိနေပြီး ၁၅ ပဲရည်မှာ ဆယ့်နှစ်သိန်းခုနစ်သောင်းဝန်းကျင် ခန့်ရှိနေသည်ဟု ရွှေဆိုင်လုပ်ငန်းရှင် အချို့၏ ပြောပြချက်အရ သိရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ်များ ထပ်မံတွေ့ရှိလာခြင်းကြောင့် ရွှေအရောင်း အဝယ်မှာ ယခုရက်ပိုင်းအတွင်း သိသိ သာသာ အရောင်းအဝယ်ဈေးကွက် အေးသွားသည်ဟု ရွှေဆိုင်လုပ်ငန်းရှင် အချို့က ပြောသည်။

မိုးမြင့်