ဇာဒီက ကျန်းမာရေးမှူးဟောင်း ထောင်၂ နှစ် ချမှတ်ခံရ
diz_admin
July 3, 2021ရေဖြူမြို့နယ် ကံပေါက်ကျေးရွာအုပ်စု ဇာဒီကျေးရွာနေ ကျန်းမာရေးမှူးဟောင်းဖြစ်သူ အသက် ၅၀ အရွယ် ဦးအောင်မင်းသည် ထောင် ၂ နှစ် ချမှတ်ခံရကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရသည်။ ဦးအောင်မင်းကို မေလ ၃၁ ရက်က နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ထိုမှတစ်ဆင့် ကံပေါက်ရဲစခန်းမှ ထားဝယ်အကျဉ်ထောင်သို့ပို့လိုက်ပြီးနောက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်တရားစွဲခံရကြောင်း ဦးအောင်မင်း၏ ဇနီးဖြစ်သူ ကပြောသည်။ ဇာဒီကျေးရွာ ဆန္ဒပြစစ်ကြောင်းနှင့်ပူးပေါင်း ဆန္ဒပြသည်ဟုဆိုကာ ဦးအောင်မင်းအား ဖမ်းဆီးထောင်ချခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုသည်။ “မဟုတ်ဘဲနဲ့ အခုလို လုပ်ခံရတာဆိုတော့ စိတ်ထဲမှာ မကျေနပ်ဘူးပေါ့။ ခံချင်စိတ်လဲမရှိဘူးပေါ့” ဟု ၎င်းကဆိုသည်။ ဦးအောင်မင်းသည် လွန်ခဲ့သည့်ငါးနှစ်ကတည်းက ကျန်းမာရေးမှူးအဖြစ်မှ အလုပ်ထွက်ကာ ရွာတွင်ဆေးဝါးကုသပေးခြင်းအပြင် ဥယျာဉ်ခြံလုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်သည်ဟုဆိုသည်။


