မြိတ် တည်းခိုခန်းတွင် အမျိုးသားတစ်ဦးသေဆုံး
Dawei Watch
August 25, 2024မြိတ်မြို့ ၊ ဆိပ်ငယ်ရပ်ကွက် ပန်းကမ္ဘာတည်းခိုခန်းတွင် ဩဂုတ်လ ၂၄ ရက် ယမန်နေ့ ညနေပိုင်းက သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကိုတွေ့ရှိကြောင်း ချစ်ကြည်ရေးပရဟိတအသင်း-မြိတ်ထံမှ သိရသည်။ သေဆုံးသူသည် ငှားရမ်းနေထိုင်ခဲ့သည့် အခန်းအတွင်း ခုတင်အောက်တွင် ဝမ်းလျားမှောက်၍ ပြင်ပဒဏ်ရာဒဏ်ချက်မရှိဘဲ သေဆုံးနေသည်ကိုတွေ့ရကြောင်း ချစ်ကြည်ရေးပရဟိတအသင်း တာဝန်ရှိသူက ပြောသည်။ “(သေဆုံးသူ)ဆိုင်ကယ်ငှားသွားတာ ပြန်လာမပေးသေးလို့ ဆိုင်ကယ်ပိုင်ရှင်က လိုက်သွားမှ သေဆုံးနေတာကိုတွေ့ရတာ” ဟု အထက်ပါတာဝန်ရှိသူကဆိုသည်။ သေဆုံးသူမှာ အသက် ၃၇ နှစ်အရွယ်ရှိ ကိုနေလင်းဖြစ်ပြီး တည်းခိုခန်းတွင် လွန်ခဲ့သည့် ၁၀ ရက်ခန့်ကစပြီး လာရောက် တည်းခိုနေထိုင်သူဖြစ်ကြောင်း သိရသည်။ “သူက စိတ်ဓာတ်ကျနေပုံရတယ်။ ထမင်းမစားဘဲနဲ့ ကိုကာကိုလာတွေ တော်တော်များများ သောက်ထားပုံလည်းရတယ်။ ဘူးခွံတွေလည်း အများကြီးတွေ့ရတယ်။ သူနဲ့ နီးစပ်သူတွေကဆီကတော့ မိသားစုနဲ့ သိပ်အဆင်မပြေဘူးလို့သိရတယ်။ […]


