တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ
Dawei Watch
February 8, 2025ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ပနားမားတူးမြောင်းကို အမေရိကန် ပြန်ထိန်းချုပ်လို အမေရိကန်ပြည်ထောင်စုမှာ သမ္မတ ဒေါ်နယ်ထရမ့်တက်လာြပီးနောက်ပိုင်း ပနားမားတူးမြောင်းကို ပြန်ထိန်းချုပ်ဖို့ တောင်းဆိုနေပါတယ်။ ၁၉၉၉ ခုနှစ် ပနားမားနိုင်ငံ လက်ထဲ မပေးအပ်ခင် ရေလမ်းဆက်သွယ်ရေးအတွက် ဒီတူးမြောင်းကို အမေရိကန်က နှစ်ပေါင်းများစွာ အချိန်ယူဆောက်လုပ်စီမံခဲ့တာပါ။ ကိုလံဘီယာလက်အောက်ကနေ လွတ်လပ်ရေးရဖို့ ပနားမားကို အမေရိကန်က ကူညီခဲ့ပြီးနောက်၁၉၁၄ ခုနှစ်မှာ ပနားမားတူးမြောင်း တည်ဆောက်မှု ပြီးစီးခဲ့ပါတယ်။ အတ္တလန္တိတ်သမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာကြား အချိန်ကြာ သင်္ဘောမောင်းရတာတွေကိုလျှော့ချနိုင်ခဲ့ပါတယ်။ တူးမြောင်းစီမံခန့်ခွဲမှု၊ ကုန်ကျစရိတ်မြင့်တာနဲ့ လုပ်ငန်းလည်ပတ်မှုတွေမှာ တရုတ်က ပါဝင်ပတ်သတ်နေလို့ ထရမ့်က စိုးရိမ်တယ်လို့ ဆိုပြီး ပြန်ထိန်းချုပ်လိုနေတာ ဖြစ်ပါတယ်။ ပနားမားနိုင်ငံကတော့ ဒီကိစ္စကို ကန့်ကွက်ပြီး ကုလသမဂ္ဂကို တိုင်ကြားထားပါတယ်။ Ref: BBC ……………………………….. ထိုင်းဝန်ကြီးချုပ် တရုတ်သမ္မတနဲ့ တွေ့ဆုံ တရုတ်နိုင်ငံ ပေကျင်းမြို့ကို ရောက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံစဉ် တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားလိမ်ညာငွေရှာနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နှင်းနေတဲ့ ထိုင်းနိုင်ငံကို တရုတ်ဘက်က ချီးကျူးခဲ့တာပါ။ ထိုင်းအစိုးရအနေနဲ့လည်း ကဏ္ဍအသီးသီးမှာ တရုတ်နဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားဖို့အသင့်ရှိတယ်လို့ ထိုင်းဘက်က ဆိုပါတယ်။ တရုတ်နိုင်ငံ ကူမင်းမြို့ကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်အထိပြေးမယ့် အမြန်မီးရထားလမ်း ဖောက်လုပ်ရေး စီမံကိန်း၊ ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လျှပ်စစ်ကားလုပ်ငန်းတွေကိုနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ Ref: REUTERS ……………………………….. ထိုင်ဝမ်အစိုးရဌာနများ DeepSeek မသုံးဖို့ တားမြစ် ထိုင်ဝမ်အစိုးရရုံးတွေမှာ တရုတ်ကုမ္ပဏီပိုင် DeepSeek AI နည်းပညာကို မသုံးကြဖို့ ဖေဖော်ဝါရီလ၃ ရက်နေ့မှာ တားမြစ်လိုက်ပါတယ်။ အစောပိုင်းတည်းက အသုံးမပြုသင့်ဘူးလို့ သတိပေးထားတာပါ။ သတင်းအချက်အလက်တွေလုံခြုံရေးအတွက် အစိုးရဌာနတွေမှာ DeepSeek အသုံးပြုမှု တားမြစ်လိုက်တယ်လို့ ဝန်ကြီးချုပ် ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ DeepSeek ထဲ ဝင်သွားမယ့် အချက်အလက်တွေ တရုတ်အစိုးရလက်ထဲရောက်သွားမှာ စိုးရိမ်ရတယ်လို့ ဖော်ပြထားပါတယ်။ Ref: REUTERS ……………………………….. ဆွီဒင်မှာ စာသင်ကျောင်းပစ်ခတ်ခံရမှု အနည်းဆုံး ၁၀ ဦး သေဆုံး ဆွီဒင်နိုင်ငံက စာသင်ကျောင်းကျောင်းတစ်ကျောင်းမှာ ဖေဖော်ဝါရီ ၄ ရက်နေ့က သေနတ်ပစ်ခတ်မှုဖြစ်ခဲ့လို့ အနည်းဆုံး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေက နိုင်ငံမတူ၊ အသက်မတူ၊ လိင်မတူသူများဖြစ်တယ်လို့ အာဏာပိုင်တွေကဘက်က ဆိုပါတယ်။ သူတို့က ကျောင်းကို စာသင်ဖို့ လာတာဖြစ်ပြီး သေဆုံးဖို့ လာတာမဟုတ်ဘူးလို့ ကျောင်းသားမိဘတွေဘက်က တုံံ့ပြန်ထားပါတယ်။ အသက် ၃၅ နှစ်အရွယ် ပစ်ခတ်သူဟာ ရာဇဝတ်မှုမှတ်တမ်းလည်း မရှိသလို ဘာဂိုဏ်းနဲ့မှလည်းအဆက်အသွယ်မရှိပါဘူးလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ သေနတ်သမားက သူ့ကိုယ်သူ သတ်သေသွားတယ်လို့ ရဲတပ်ဖွဲ့က ဆိုပြီး ပစ်ခတ်ရတဲ့ အကြောင်းအရင်းတော့ မသိရသေးဘူးလို့ သိရပါတယ်။ Ref: CNN ……………………………….. ဖိလစ်ပိုင်ဒုသမ္မတကို အရေးယူဖို့ အောက်လွှတ်တော်ဆုံးဖြတ် ဖိလစ်ပိုင်ဒုတိယသမ္မတ စာရာ ဒူတာတေးကို အရေးယူဖို့ အောက်လွှတ်တော်က ဖေဖော်ဝါရီ ၅ရက်နေ့က မဲခွဲဆုံးဖြတ်လိုက်ပါတယ်။ သူမက သမ္မတ ဖာဒီနန်မားကော့စ်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်မှု၊ ပြည်သူပိုင်ဘဏ္ဍာငွေဒေါ်လာသန်းနဲ့ချီ အလွဲသုံးစားလုပ်ခဲ့မှုတွေနဲ့ ဒီဇင်ဘာလက စွဲချက်တင်ခံထားရသူပါ။ သူမ အနာဂတ် ဘယ်လို ဖြစ်လာမလဲဆိုတာကတော့ အထက်လွှတ်တော်အမတ်တွေအပေါ်မူတည်နေပါသေးတယ်။ သူမကို ရာထူးကဖယ်ရှားပြီး အစိုးရတာဝန်ထမ်းဆောင်ခွင့် ရှိမရှိဆိုတာ အတည်ဖြစ်နိုင်ဖို့အထက်လွှတ်တော်အမတ် ၃ ပုံ ၂ ပုံရဲ့ ထောက်ခံမဲ လိုအပ်နေပါသေးတယ်။ သူမကတော့ စွဲချက်အားလုံးကို ငြင်းဆိုထားပါတယ်။ […]


