သင်္ကြန်အတက်နေ့ ကံပေါက်အုပ်ချုပ်ရေးမှူးရုံးအနီး ပေါက်ကွဲမှုဖြစ်
diz_admin
April 16, 2023သင်္ကြန်အတက်နေ့ ယနေ့ ဧပြီလ ၁၆ ရက် နံနက် ၆ နာရီခန့်က ရေဖြူမြို့နယ် ကံပေါက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။ ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း ရုံးအနီးရပ်နားထားသည့် အမှိုက်သိမ်းကားတစ်စီး ဦးခေါင်းပိုင်း ထိခိုက်ပျက်စီးသွားကြောင်း ၎င်းတို့က ဆိုသည်။ “ပေါက်ကွဲသံက တစ်ချက်ပဲ။ တော်တော်ကြမ်း မီးခိုးလုံးကြီးတွေပါ တက်လာတယ်” ဟု ဗိုလ်ချုပ်ရပ်ကွက်ဒေသခံတစ်ကဆိုသည်။ ပေါက်ကွဲမှုဖြစ်ရသည့် အသေးစိတ်အခြေအနေကိုမူ မသိရသေးပေ။ ပေါက်ကွဲမှုဖြစ်ပြီးနောက် မောရဝတီရေတပ်က စစ်ကားတစ်စီး၊ ကံပေါက်နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ လမ်းသွား၊ လမ်းလာ ဒေသခံများကိုမူ စစ်ဆေးခြင်းမရှိသဖြင့် ပုံမှန်အတိုင်းသွားလာနေကြသည်ဟု ၎င်းတို့က ဆိုသည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင်လည်း ကံပေါက်အုပ်ချုပ်ရေးမှူးရုံးနှင့် စရဖရုံးကို ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ဖူးသည်။


