ခပ်ချေချေ ပုစဥ်း
Dawei Watch
September 10, 2025ကိုယ်နေတဲ့ပတ်၀န်းကျင်မှာ ပုစဥ်းလေးတွေ အမြဲတွေ့နေရတယ်ဆိုရင်တော့ သန့်ရှင်းတဲ့ ပတ်၀န်းကျင်မှာ နေနေရတယ်လို့ ချေလို့ရပါပြီ။ ဘာြဖစ်လို့လဲဆိုတော့ ပုစဥ်းလေးတွေဟာ လေသန့်သန့်၊ ရေသန့်သန့်မှာပဲ နေတတ်ကြတယ်။ မသန့်ရှင်းတဲ့ နေရာဆိုရင် မရှင်သန်ချင်တဲ့၊ မရှင်သန်နိုင်တဲ့ ခပ်ချေချေမျိုးစိတ်တွေမို့ပါ။ သည်နေ့ခေတ်ကလေးတွေနဲ့ လူငယ်အချို့ဟာ ပုစဥ်းလေးတွေကို မြင်ဖူးကြဖို့ ခက်ခဲလာကြပါပြီ။ ကျမတို့လို လေးဆယ်ကျော်တန်းတွေအတွက်ကတော့ ပုစဥ်းတွေကို လိုက်ဖမ်းဖူးတဲ့ မှတ်ဥာဏ် ကိုယ်စီရှိနေကြမှာပါ။ကျေးလက်မှာ ကြီးခဲ့တဲ့သူတွေဆိုရင်တော့ ပုစဥ်းနဲ့ ပတ်သက်တဲ့ အမှတ်တရတွေ ပိုရှိပါလိမ့်မယ်။ ကျမငယ်ငယ်တုန်းက ပုစဥ်းလေးတွေနဲ့ကြီးလာတာပါ။ ကျမနေခဲ့တဲ့ ရွာလေးရဲ့ အိမ်ခြံ၀င်းတွေရဲ့ အနောက်ဘက် မြေကွက်တွေမှာ ကျမတို့ အခေါ် တံမြက်စည်းပင်တွေပေါက်ကြတယ်။ အညာဘက်မှာလည်း တံမြက်စည်းပင်လို့ခေါ်ကြပြီး သူ့နာမည်ကတော့ ရွှေတံတိုင်းပင်ပါ။ ရွှေတံတိုင်းပင်ဟာ အရွက်ချွန်ချွန် အပွင့်၀ါသေးသေးလေးတွေပွင့်ကြပြီး အပင်ကိုနှုတ် အရိုးကျန်တဲ့အထိ အခြောက်လှမ်းပြီး မြေကြီးလှည်းတဲ့ တံမြတ်စည်းလေးတွေလုပ်ကြပါတာပေါ့။ […]


