ထားဝယ်ဈေးကွက်အတွင်း ယခုသီတင်းပတ်တွင် ဆန်ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး စားသုံးဆီဈေးနှုန်းမှာမူ တည်ငြိမ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၉ ရက်က ထားဝယ်ကမာကြည်ဆန် တစ်အိတ်လျှင် ၈၅,၀၀၀ ကျပ် ရှိခဲ့ရာမှ ဧပြီ ၄ ရက်တွင် ၈၇,၅၀၀ ကျပ်သို့ လည်းကောင်း၊ ထားဝယ်ဆန်ရှည် အမျိုးအစားမှာ ၆၂,၀၀၀ ကျပ်မှ ၆၅,၅၀၀ ကျပ်သို့ လည်းကောင်း အသီးသီး ဈေးတက်သွားခြင်းဖြစ်သည်။
ထို့ကြောင့် တစ်ပတ်အတွင်း ထားဝယ်ကမာကြည်ဆန် တစ်အိတ်လျှင် ၂,၅၀၀ ကျပ်နှင့် ဆန်ရှည်တစ်အိတ်လျှင် ၃,၅၀၀ ကျပ်စီ ဈေးနှုန်းမြင့်တက်ခဲ့သည်။
ထို့အတူ တိုင်းပြင်ပမှ တင်သွင်းသည့် ဆန်အမျိုးအစားအချို့မှာလည်း ဈေးတက်နေပြီး အကယ်ဒမီရက် ၉၀ ဆန်ကြမ်းတစ်အိတ်လျှင် မတ်လ ၂၉ ရက်က ၁၂၇,၀၀၀ ကျပ် ရှိရာမှ ဧပြီ ၄ ရက်တွင် ၁၄၀,၀၀၀ ကျပ်သို့ လည်းကောင်း၊ ရွှေဘိုပေါ်ဆန်း (ရွှေမြင့်မိုရ်) ဆန်ချောတစ်အိတ်လျှင် ၂၄၁,၀၀၀ ကျပ်မှ ၂၅၆,၀၀၀ ကျပ်သို့ လည်းကောင်း အသီးသီး ဈေးတက်သွားခြင်းဖြစ်သည်။
ထို့ကြောင့် တစ်ပတ်အတွင်း တိုင်းပြင်ပမှ တင်သွင်းလာသည့် အကယ်ဒမီရက် ၉၀ ဆန်ကြမ်းတစ်အိတ်လျှင် ၁၃,၀၀၀ ကျပ်နှင့် ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ်လျှင် ၁၅,၀၀၀ ကျပ်စီ ဈေးတက်ခဲ့သည်။
ဆန်ဈေးတက်သော်လည်း ပြည်တွင်းထုတ် စားသုံးဆီဈေးနှုန်းများမှာမူ တည်ငြိမ်လျက်ရှိပြီး ယခုသီတင်းပတ်တွင် အမေထွားအမှတ်တံဆိပ် ပဲဆီတစ်လီတာလျှင် ၁၆,၂၀၀ ကျပ်၊ ဇွဲအမှတ်တံဆိပ် ပဲဆီတစ်ပိဿာလျှင် ၂၇,၀၀၀ ကျပ်နှင့် နေကြာဆီတစ်လီတာလျှင် ၁၆,၈၀၀ ကျပ်စီဖြင့် ဈေးငြိမ်နေသည်။
ယခုသီတင်းပတ်အတွင်း ကြက်သွန်၊ အာလူးနှင့် ငရုတ်တို့မှာလည်း ဈေးငြိမ်နေသည်။










