ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထောက်ပို့ထီ ပထမနှင့် ဒုတိယဆု ထားဝယ်က ကံထူး

April 4, 2026

၂၇ ကြိမ်မြောက်အဖြစ် ဧပြီလ ၂ရက်က ဖွင့်လှစ်သည့် ထောက်ပို့ထီတွင် ထားဝယ်ခရိုင်ရှိ တော်လှန်ရေးတပ် ထီကိုယ်စားလှယ်များထံမှ ပထမဆု ကျပ်သိန်းတစ်ထောင်နှင့် ဒုတိယဆု ကျပ်သိန်းနှစ်ရာ ကံထူးကြောင်း ထောက်ပို့ထီအဖွဲ့ထံမှ သိရသည်။

လောင်းလုံးမြို့နယ်အခြေစိုက် လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) က ကိုယ်စားလှယ်ယူ ရောင်းထားသည့်အထဲက ပထမဆု ကံထူးပြီး၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) က ကိုယ်စားလှယ် ယူရောင်းထားသည့်အထဲမှ ဒုတိယဆု ကံထူးကြောင်း ထောက်ပို့ထီအဖွဲ့ထံမှသိရသည်။

သံမဏိလိပ်ပြာတပ်ဖွဲ့က ကိုယ်စားလှယ်ယူ ရောင်းထားသည့်အထဲက 0006830 နံပါတ် ထီလက်မှတ် ဝယ်ယူကံစမ်း ထားသည့် လောင်းလုံးဒေသခံတစ်ဦး ပထမဆု ကံထူးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပထမဆုအပါအဝင် အခြားဆုပေါင်း တစ်ရာကျော်လည်း ကံထူးခဲ့သေးကြောင်း ၎င်းက ဆိုသည်။

“ထောက်ပို့ထီကို ဘယ်အဖွဲ့ကပဲ လာရောင်းရောင်း ဒါငါတို့တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာတွေမှာ အသုံးပြုဖို့ လိုတယ်ဆိုတဲ့ စိတ်လေးနဲ့ အဖွဲ့စည်းအစွဲလေးတွေမထားဘဲ တော်လှန်ရေးတွက် လုပ်ဆောင်နေကြတဲ့ ရဲဘော်တိုင်း အဖွဲ့စည်းတိုင်းကို ငါတို့ကူညီရမယ်ဆိုတဲ့ စိတ်လေးနဲ့ ကူညီပြီး ဝယ်ယူအားပေးကြဖို့ အဖွဲ့စည်းအားလုံး ကိုယ်စားတောင်းဆို ချင်ပါတယ် ” ဟု ၎င်းက ပြောဆိုသည်။

DNLA တပ်ဖွဲ့က ကိုယ်စားလှယ်ယူရောင်းထားသည့်အနက် 0015297 နံပါတ် ထီလက်မှတ်ဖြင့် ဒုတိယဆုကံထူးခဲ့ပြီး အခြားဆုငယ် လေးဆယ်ကျော်လည်းထပ်မံကံထူးခဲ့သေးကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။

DNLA တပ်ဖွဲ့ထံတွင် ဒုတိယဆု ကံထူးသူနှင့် ပတ်သက်၍ မေးမြန်းနိုင်ရန် ဆက်သွယ်ထားသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။

ထောက်ပို့ထီ ဖွင့်လှစ်သည့် ၂နှစ်ကျော်ကာလတွင် တနင်္သာရီတိုင်းက ထီကိုယ်စားလှယ်အဖွဲ့များထံ ထီဆု အမြင့်ဆုံးအဖြစ် ပထမဆုငါးကြိမ်၊ ဒုတိယဆု နှစ်ကြိမ်နှင့် တတိယဆုနှစ်ကြိမ် ကံထူးထားကြောင်း ထောက်ပို့ထီအဖွဲ့၏ မှတ်တမ်းများတွင် ဖော်ပြသည်။

တစ်စောင်လျှင် မြန်မာကျပ်ငွေ ၂၀၀၀ နှုန်းဖြင့် ရောင်းချနေသည့် ထောက်ပို့ထီကို ထီကိုယ်စားလှယ်များမှတစ်ဆင့် တော်လှန်ရေးအင်အားစုများ စိုးမိုးနယ်မြေများတွင် ရောင်းချနေသလို၊ ထောက်ပို့အဖွဲ့များမှတစ်ဆင့် ပြည်ပနိုင်ငံများနှင့် အွန်လိုင်းတို့မှတစ်ဆင့် ရောင်းချနေသည်။

လစဥ် ၂ ရက်နေ့တိုင်း တိုက်ရိုက်ထုတ်လွှင့်ကာ ထီဖွင့်လေ့ရှိသည်။