လောင်းလုံးမြို့တွင် လမ်းလျှောက်ကင်းလှည့်နေသည့် စစ်အာဏာရှင်တပ်ဖွဲ့ကို ကားဖြင့်ဝင်တိုက်၍ ဟုဆိုကာ ကားမောင်းလာသည့် ရဟန်းကို သေနတ်ဖြင့် ပစ်ခတ်ကာ ဖမ်းဆီးသွားကြောင်း ဒေသခံအချို့၏ ပြောကြားချက်အရ သိရသည်။
လောင်းလုံးမြို့နယ်၊ အင်းဇောက်တိုက်ကျောင်းမှ ရဟန်းတစ်ပါးသည် ယနေ့ (ဧပြီ ၄) နံနက်စောစောပိုင်းတွင် လောင်းလုံးအောက်ပိုင်းရှိ ကျေးရွာတစ်ရွာသို့ ကားမောင်း၍ ဆွမ်းစားကြွသွားကြောင်း၊ ယင်းကားမှာ လောင်းလုံးဆေးရုံအနီး ကင်းလှည့်နေသည့် စစ်အာဏာရှင်တပ်သားများကို ဝင်ရောက်တိုက်မိခဲ့ရာမှ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ပစ်ခံရ တဲ့ကား က အင်းဇောက် တိုက်ကျောင်းက ဘုန်းကြီးကပ္ပ ကားလို့သိရတယ်၊ ဘုန်းကြီး ဒဏ်ရာအခြေအနေကတော့ အသေးစိတ်မသိရသေးဘူး” ဟု အထက်ပါဒေသခံကပြောသည်။
စစ်အာဏာရှင်တပ်က သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်မှုကြောင့် ကားမှာ ပျက်စီးသွားခဲ့ပြီး ရဟန်းကိုမူ စစ်အာဏာရှင်တပ်က ယနေ့နံနက်ပိုင်းမှာပင် လောင်းလုံးမြို့မရဲစခန်းသို့ ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ကားဖြင့် တိုက်မိမှုကြောင့် စစ်အာဏာရှင်တပ်သားအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပြီး အဆိုပါရဟန်းမှာလည်း ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာများ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ယင်းစစ်အာဏာရှင်တပ်မှာ လောင်းလုံးမြို့တွင် တပ်စွဲထားသည့် အဖွဲ့ဖြစ်ကြောင်း သိရသည်။







