၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလတုန်းက အညာမှာ ဖြစ်ခဲ့တယ်။ NLD ထောက်ခံသူတစ်ယောက်ကို USDP ထောက်ခံသူတွေက ဝိုင်းဝန်းရိုက်နှက် သတ်ဖြတ်လိုက်ကြတယ်။
တစ်နေ့ကလည်း အာဖရိက ယူဂန္ဓာမှာ ဖြစ်သွားခဲ့တယ်။ အောင်ပွဲခံနေတဲ့ အာဆင်နယ်ပရိသတ်တစ်ယောက်ကို မန်ယူပရိသတ်တစ်ယောက်က သတ်လိုက်တယ်ဆိုတဲ့ သတင်း။
အပေါ်ယံကြည့်ရင် ဒီဖြစ်ရပ်နှစ်ခုဟာ ဘာမှမဆိုင်သလို ထင်ရပါတယ်။ တစ်ခုက နိုင်ငံရေး၊ တစ်ခုက ဘောလုံး။ ဒါပေမဲ့ အခြေခံအကြောင်းတရားကတော့ အတူတူပါပဲ။
လူသားတွေဟာ ကိုယ်တိုင်ဖန်တီးထားတဲ့ စိတ်ကူးယဉ်ထောင်ချောက်ထဲကို ကိုယ်တိုင်ပြန်ကျသွားကြတာပါ။
ရင့်ကျက်တဲ့အမြင်အကြောင်း မသွားခင် ကျွန်တော် ကလေးဘဝကို ပြန်အမှတ်ရမိပါတယ်။
ကျွန်တော့်စက်ဘီးဟာ မကြာမကြာပဲ ပျက်တတ်တော့ ပြင်ဆိုင်ကို ခဏခဏသွားခဲ့ရပါတယ်။ ဟိုပစ္စည်းလေး အသစ်လဲလိုက်၊ ဒီဟာလေး အသစ်ထည့်လိုက်နဲ့ ကြာလာတော့ မူလစက်ဘီးမှာ ပါခဲ့တဲ့အရာတွေက ကိုယ်ထည်တို့၊ ဘီးခွေတို့လို ကြီးမားတဲ့အစိတ်အပိုင်းတွေလောက်ပဲ ကျန်တော့ပါတယ်။
ကျွန်တော်က ဒဿနကို ခုံမင်သူမို့ ကလေးကတည်းက တောင်တောင်အီအီ လျှောက်တွေးမိပါတယ်။ တကယ်လို့သာ ကိုယ်ထည်ရော၊ ဘီးခွေရော အကုန်လုံး အသစ်လဲလိုက်ရင် ဒီစက်ဘီးဟာ ငါဝယ်ထားတဲ့ စက်ဘီးလို့ ပြောလို့ရနိုင်ပါဦးမလားပေါ့။
အသက်ကြီးလာတော့မှ သိရတာက ဒီအတွေးဟာ ကျွန်တော်တစ်ယောက်တည်းရဲ့ အတွေးမဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄၀၀ ကျော်ကတည်းက လူတွေ ခေါင်းစားခဲ့ရတဲ့ ဒဿနပြဿနာတစ်ခု ဖြစ်နေတယ်ဆိုတာပါပဲ။
သီးဆုစ်ရဲ့ သင်္ဘောဆိုတဲ့ ပဟေဠိပါ။
ဂရိဒဏ္ဍာရီထဲက သူရဲကောင်း သီးဆုစ်ဟာ မီနိုတောကို နှိမ်နင်းပြီးတဲ့နောက် အေသင်မြို့ကို သင်္ဘောတစ်စင်းနဲ့ ပြန်လာခဲ့ပါတယ်။ မြို့သူမြို့သားတွေက သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အဲဒီသင်္ဘောကို နှစ်ပေါင်းများစွာ သိမ်းထားခဲ့ကြတယ်။
အချိန်ကြာလာတော့ သစ်သားပြားတွေ ဆွေးမြည့်လာတယ်။ ဆွေးတဲ့အပိုင်းကို ဖြုတ်ပြီး အသစ်နဲ့ လဲတယ်။ နောက်တစ်ပိုင်း ဆွေးလာတော့လည်း ထပ်လဲတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ သင်္ဘောတစ်စင်းလုံးဟာ သစ်သားအသစ်တွေနဲ့ ဖြစ်သွားပါတော့တယ်။
မေးခွန်းကတော့ ရိုးရှင်းပါတယ်။ မူလသစ်သားပြား တစ်ချပ်မှ မကျန်တော့တဲ့ သင်္ဘောဟာ သီးဆုစ်ရဲ့ သင်္ဘောလို့ ခေါ်လို့ရပါသေးသလား။
ဒဿနပညာရှင်တွေက ဒီမှာတင် မရပ်သေးဘူး။ တကယ်လို့ ဖြုတ်ထားတဲ့ သစ်သားအဟောင်းတွေကို စုပြီး နောက်ထပ် သင်္ဘောတစ်စင်း ပြန်ဆောက်လိုက်မယ်ဆိုရင်ရောတဲ့။ ဒီအခါ သင်္ဘောနှစ်စင်း ဖြစ်သွားပါလိမ့်မယ်။
တစ်စင်းက ပုံသဏ္ဍာန်နဲ့ သမိုင်းအဆက်အစပ်ကို ဆက်ခံထားတယ်။ နောက်တစ်စင်းက မူလအစိတ်အပိုင်းတွေကို ဆက်ခံထားတယ်။ ဒါဆို ဘယ်ဟာက သီးဆုစ်ရဲ့ သင်္ဘောအစစ်လဲ။
မြန်မာတွေအတွက် ပိုမြင်သာတာနဲ့ ပြောရရင် ဦးပိန်တံတားပါပဲ။ တံတားကို ရေရှည်တည်တံ့စေဖို့ သစ်သားအသစ်တွေနဲ့ အစားထိုးရတယ်။ ဒီလိုနဲ့ တစ်နေ့မှာ တံတားတစ်စင်းလုံး သစ်သားအသစ်တွေ ဖြစ်သွားနိုင်တယ်။ ဒါဆို အဲဒါဟာ ဦးပိန်တံတား ဟုတ်ပါသေးရဲ့လား။ တကယ်လို့ သစ်သားအဟောင်းတွေနဲ့ တစ်နေရာမှာ တံတားတစ်စင်း ပြန်ဆောက်လိုက်ရင်ရော ဘယ်ဟာက ဦးပိန်တံတားအစစ်လဲ။
ဒီမေးခွန်းတွေက ကျွန်တော်တို့ကို အရေးကြီးတဲ့အချက်တစ်ခု သတိပေးပါတယ်။
လူတွေ အလွန်အရေးကြီးတယ်လို့ ထင်နေတဲ့ ‘အမှတ်သညာ’ဆိုတာ တကယ်တော့ ထင်သလောက် မခိုင်မာပါဘူး။ သင်္ဘောတစ်စင်းရဲ့ အမှတ်သညာကိုတောင် တိတိကျကျ မဖမ်းဆုပ်နိုင်ရင် လူ့အဖွဲ့အစည်းက ဖန်တီးထားတဲ့ အခြားအမှတ်သညာတွေကရော ဘယ်လောက်ထိ တည်မြဲနိုင်ပါမလဲ။
ဘောလုံးအသင်းတွေကရော အဲဒီသဘောကနေ ကင်းလွတ်နေပါရဲ့လား။ ကစားသမားတွေ အကုန်ပြောင်းသွားတယ်။ နည်းပြအသစ်။ ပိုင်ရှင်အသစ်။ ကွင်းအသစ်။ လိုဂိုအသစ်။ မူဝါဒအသစ်။ အားလုံးပြောင်းသွားတဲ့အခါ ဒါဟာ ငါတို့အသင်းလို့ ပြောစရာက ဘာကျန်ပါသေးသလဲ။ အဲဒီကနေ ထပ်ချဲ့ရင် နိုင်ငံရေးပါတီတွေ၊ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ၊ လူမျိုးတွေ၊ နိုင်ငံတွေ။
သမိုင်းပညာရှင် ဟာရာရီကတော့ လူသားတွေဟာ အခြားသတ္တဝါတွေနဲ့ မတူဘဲ ကမ္ဘာကြီးကို စိုးမိုးနိုင်ခဲ့တာဟာ ‘စိတ်ကူးယဉ် ပကတိတရား’တွေကို ဖန်တီးပြီး စုပေါင်းယုံကြည်နိုင်စွမ်းကြောင့်လို့ ဆိုပါတယ်။
နိုင်ငံတွေ၊ ငွေကြေးတွေ၊ ဥပဒေတွေ၊ လူ့အခွင့်အရေးတွေ၊ ဘောလုံးအသင်းတွေဆိုတာ သဘာဝထဲမှာ အလိုလိုရှိနေတာတွေ မဟုတ်ပါဘူး။ လူသားတွေ အတူတူယုံကြည်ထားကြတဲ့ ဇာတ်လမ်းတွေပါ။
ဒါပေမဲ့ လူတွေ အတူတူယုံကြည်နေသရွေ့ အဲဒီဇာတ်လမ်းတွေက အလွန်စွမ်းအားကြီးပါတယ်။ စက္ကူတစ်ရွက်က အစားအသောက်တွေ ဝယ်ပေးနိုင်တယ်။ ဘောလုံးအသင်းတစ်သင်းက ကမ္ဘာတစ်ဖက်ခြမ်းက လူသန်းပေါင်းများစွာကို အရောင်တူအင်္ကျီဝတ်စေနိုင်တယ်။ ဒါဟာ စိတ်ကူးယဉ်မှုရဲ့ အပြုသဘောဆောင်တဲ့ စွမ်းအားပါ။
ဒါပေမဲ့ အမှောင်ဘက်ခြမ်းလည်း ရှိပါတယ်။ လူတွေဟာ ကိုယ်ဖန်တီးထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေကို စိတ်ကူးယဉ်ဇာတ်လမ်းလို့ မေ့သွားပြီး တကယ့်အစစ်တွေလို့ စွဲထင်လာတဲ့အခါ ပြဿနာစပါတယ်။ အသင်းကို ထိရင် ငါ့ကို ထိတယ်လို့ ထင်လာတယ်။ ပါတီကို ထိရင် ငါ့ကို ထိတယ်လို့ ထင်လာတယ်။ လူမျိုးကို ထိရင် ငါ့ကို ထိတယ်လို့ ထင်လာတယ်။ ဒီလိုနဲ့ ‘ငါတို့’နဲ့ ‘သူတို့’ဆိုတဲ့ မျဉ်းတစ်ကြောင်း ပေါ်လာတယ်။ တစ်ဖက်လူကို အမြင်မတူသူအဖြစ် မမြင်တော့ဘဲ ရန်သူအဖြစ် မြင်လာတယ်။ အစမှာ ဘောလုံးပွဲတစ်ပွဲပဲ။ နောက်တော့ အသက်တစ်ချောင်းအထိ ဖြစ်သွားတယ်။
ဒီနေရာမှာ ရင့်ကျက်တဲ့အမြင်ဆိုတဲ့ ကိစ္စ ရောက်လာပါတယ်။ ရင့်ကျက်တဲ့အမြင်ဆိုတာ ဘောလုံးအသင်းတွေ၊ နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေကို မုန်းဖို့ မဟုတ်ပါဘူး။ ဒါတွေဟာ လူသားတွေအတွက် ဖန်တီးထားတဲ့ ကိရိယာတွေပဲဆိုတာ မမေ့ဖို့ပါ။
အသင်းဟာ ကျွန်တော်တို့အတွက် ရှိရမှာပါ။ ကျွန်တော်တို့က အသင်းအတွက် ရှိနေရမှာ မဟုတ်ပါဘူး။ ပါတီဟာ လူတွေအတွက် ရှိရမှာပါ။ လူတွေက ပါတီအတွက် မဟုတ်ပါဘူး။
ဒီလိုမြင်ဖို့ကလည်း လွယ်တာတော့ မဟုတ်ပါဘူး။ အားပေးရင်း၊ ချစ်ခင်ရင်း၊ ပါဝင်ရင်းနဲ့ ကိုယ်ဟာ အဲဒီအရာနဲ့ တစ်သားတည်း ဖြစ်သွားတတ်ပါတယ်။ သူ့ကို ထိရင် ကိုယ့်ကို ထိသလို ခံစားမိသွားတတ်ပါတယ်။
ဗုဒ္ဓအဘိဓမ္မာအမြင်နဲ့ ပြောရရင်တော့ ဒါဟာ ‘ဃန’အမြင်ပါပဲ။ အရာတွေကို တစ်ပေါင်းတစ်စည်းတည်း အခဲလိုက် မြင်နေတဲ့အမြင်မျိုးပါ။
ရင့်ကျက်တဲ့အမြင် ဖြစ်ဖို့ဆိုရင်တော့ အရာတွေကို ခွဲခြမ်းစိတ်ဖြာပြီး မြင်တတ်ဖို့ လိုပါတယ်။
ဥပမာ အဆောက်အအုံကြီးတစ်ခုကို ကြည့်တဲ့အခါ ကျွန်တော်တို့က “ဒါ အဆောက်အအုံကြီးပဲ” လို့ မြင်တယ်။ ဒါပေမဲ့ အဆောက်အအုံဆိုတာ သီးခြားရှိနေတဲ့ အရာတစ်ခု မဟုတ်ပါဘူး။ နံရံတွေရှိတယ်။ အမိုးတွေရှိတယ်။ ကြမ်းခင်းတွေရှိတယ်။ အဲဒီအရာတွေ စုပေါင်းနေတဲ့အခါ ‘အဆောက်အအုံ’လို့ နာမည်တစ်ခုပေးထားတာပါ။ တကယ်တော့ ဒီမှာတောင် ရပ်လို့မရသေးပါဘူး။ နံရံဆိုတာကလည်း သီးခြားရှိနေတဲ့ အရာတစ်ခု မဟုတ်ပါဘူး။ အုတ်တွေ၊ သဲတွေ၊ ဘိလပ်မြေတွေ စုပေါင်းထားတာပါ။
အုတ်ဆိုတာကလည်း မြေမှုန်တွေ စုပေါင်းထားတာ။ ဒီလိုနဲ့ ဆက်ခွဲသွားမယ်ဆိုရင် နောက်ဆုံးမှာ ကျွန်တော်တို့ မြင်နေတဲ့ ‘အဆောက်အအုံကြီး’ဆိုတာ ပျောက်သွားပြီး အစိတ်အပိုင်းတွေပဲ ကျန်တော့တယ်။
အသင်းတွေလည်း ဒီသဘောပါပဲ။ ကျွန်တော်တို့က “ဒါ ငါ့အသင်း” လို့ ပြောတယ်။ ဒါပေမဲ့ အသင်းဆိုတာ ဘာလဲလို့ ပြန်မေးကြည့်ရင် တိတိကျကျ လက်ညှိုးထိုးပြနိုင်တဲ့ အရာမရှိပါဘူး။ လိုဂိုမဟုတ်ဘူး။ ကစားသမားတွေလည်း မဟုတ်ဘူး။ နည်းပြလည်း မဟုတ်ဘူး။ ပိုင်ရှင်လည်း မဟုတ်ဘူး။
အသင်းဆိုတာ လူတွေ၊ သူတို့ရဲ့ ဆန္ဒတွေ၊ အကျိုးစီးပွားတွေ၊ သဘောတူညီချက်တွေ၊ သမိုင်းတွေကို စုပေါင်းပြီး ပေးထားတဲ့ နာမည်တစ်ခုပဲ ဖြစ်ပါတယ်။
အဲဒီလို မြင်နိုင်လာတဲ့အခါ ကျွန်တော်တို့ဟာ စိတ်ကူးယဉ်မှုရဲ့ အကျိုးကျေးဇူးကို ခံစားနိုင်သလို စိတ်ကူးယဉ်မှုရဲ့ ကျွန်လည်း ဖြစ်မသွားတော့ပါဘူး။
ငြိမ့်လွင့်







