တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွင် မြို့နယ်အဆင့်တပ်ဖွဲ့များသာရှိရာမှ ဧပြီလ ၂၈ ရက်တွင် တိုက်ခိုက်ရေးတပ်ရင်းကို ကော့သောင်းမြို့နယ်တွင် စတင်ဖွဲ့စည်းလိုက်ကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
တိုင်းပကဖ တိုက်ခိုက်ရေးတပ်ရင်းကို တပ်ရင်းတစ်ရင်း၏ ဖွဲ့စည်းပုံ အင်အား အတိုင်း ဖွဲ့စည်းခြင်းဖြစ်ကြောင်း ကော့သောင်းခရိုင်ပကဖ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျားကြီးက ဆိုသည်။
“PDF တပ်ရင်းဆိုတာကတော့ MOD ရဲ့ စစ်တပ်။ ပကဖ ဆိုတာကတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့ပဲလေ။ တပ်ရင်း လုပ်လိုက်တယ်ဆိုတာက PDF နည်းတူ ဒေသအစုံမှာ လိုက်ပြီးတော့ လွတ်လွတ်လပ်လပ် တရားဝင် ပူးပေါင်းပြီးတော့ တိုက်ခိုက်လို့ရအောင်ပေါ့နော်” ဟု ၎င်းက ပြောသည်။
မြို့နယ် ပကဖအဖွဲ့က ဆက်ရှိနေမည်ဖြစ်ပြီး ပကဖ လုပ်ငန်းစဉ်ကလည်း သီးခြားဆက်ရှိနေမည်ဖြစ်ကြောင်း အထက်ပါ သတင်းပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။
စခန်းသိမ်းတိုက်ပွဲကဲ့သို့ စစ်ဆင်ရေးကြီးများတွင် မြို့နယ်ပကဖအဖွဲ့များက PDF တပ်ရင်းများနှင့်အတူ အခြားမြို့နယ် များတွင် သွားရောက်တိုက်ခိုက်လေ့ရှိသော်လည်း သာမန်အားဖြင့် မိမိမြို့နယ်အတွင်း၌သာ လှုပ်ရှားတိုက်ခိုက်သည်။
လက်ရှိဖွဲ့စည်းလိုက်သည့် တိုင်းပကဖ တိုက်ခိုက်ရေးတပ်ရင်းသည် PDF တပ်ရင်းများနည်းတူ တိုက်ခိုက်ရေးတာဝန်ကို အဓိက လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
တနင်္သာရီတိုင်းတွင် PDF တပ်ရင်းများရှိပြီး နယ်မြေဒေသအလိုက် စစ်အာဏာရှင်တပ်ကို တော်လှန် တိုက်ပွဲဝင်နေကြသည်။
ထိုသို့ တိုက်ခိုက်ရေးတပ်ရင်း ဖွဲ့စည်းလိုက်ခြင်းကြောင့် ကော့သောင်းမြို့နယ်အပြင် အခြားမြို့နယ်ရှိ တော်လှန်ရေး တပ်ရင်းများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ကိုကျားကြီးက ဆိုသည်။
“အခုလိုမျိုး တပ်ရင်းဖွဲ့စည်းလိုက်တဲ့အတွက်ကြောင့် ကော့သောင်းမြို့နယ်အပြင် အခြားမြို့နယ် အခြားတိုင်းဒေသတွေကိုပါ လိုအပ်ရင် လိုအပ်သလို ပူးပေါင်းပြီးတော့ဆောင်ရွက်လို့ရတယ်ပေါ့နော်။ ပူးပေါင်းမှု အားပိုကောင်းသွားတာပေါ့” ဟု ၎င်းက ပြောဆိုသည်။
တိုင်းပကဖ တိုက်ခိုက်ရေးတပ်ရင်းကို NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ရုံးချုပ် အတည်ပြုချက်ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ကော့သောင်းခရိုင် ပကဖထံမှ သိရသည်။







