ONE Samurai 1 ပြိုင်ပွဲကြီးရဲ့ခေါင်ပွဲစဉ်အဖြစ် သံမဏိ ရော့ထန်နဲ့ တာကေးရုတို့ အားပြိုင်ခဲ့ပါတယ်။ ဒီပွဲမှာတော့ တာကေးရုက ရော့ထန်ကို အလဲထိုးနဲ့ အနိုင်ယူသွားခဲ့ပါတယ်။
ပုံစံကောင်း မရရှိခဲ့သလို စိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိနေတဲ့အတွက် ရော့ထန် ဟာ ပထမပွဲချီမှာတင် ရုန်းကန်နေခဲ့ရပါတယ်။ ဒုတိယပွဲချီမှာ နှစ်ကြိမ်တိုင် Knockdown ကျခဲ့သလို အမှတ်စဉ်ရေတွက်ခံလိုက်ရတဲ့အတွက် ပွဲအနေအထားက တာကေးရု အကြိုက်လုပ်နိုင်တဲ့အနေအထားဆီ ဆိုက်ရောက်သွားခဲ့ပါတယ်။
ရော့ထန်ဟာ အလဲထိုးနိုင်မှ အနိုင်ရတော့မှာဖြစ်လို့ တိုက်စစ်ဖွင့်ပြီး ထိုးခဲ့ပေမယ့် သံမဏိဟာ သံမဏိပုံစံကို မပြသနိုင်ခဲ့တာကြောင့် ပွဲကို စိတ်တိုင်းကျ ထိန်းချုပ်သွားတာက တာကေးရုပဲ ဖြစ်ခဲ့ပါတယ်။








နောက်ဆုံးပွဲချီမှာတော့ တာကေးရုက ရော့ထန်ကို အလဲထိုး ဒိုင်ပွဲရပ်နဲ့ အနိုင်ရသွားပြီး ကစားသမားဘဝကို လှလှပပ နှုတ်ဆက်သွားနိုင်ခဲ့ပါတယ်။ ဒီပွဲကို ကြားဖြတ် ဖလိုင်းဝိတ်တန်း ကစ်ဘောက်ဆင် ခါးပတ်လုပွဲ ခေါင်းစဉ်အောက်မှာ ပွဲတည်ပေးခဲ့လို့ တာကေးရု ဟာ ပွဲအပြီးမှာ ခါးပတ်လည်း ရရှိသွားခဲ့ပါတယ်။
ရော့ထန်ကတော့ သူ့ရဲ့ ONE ကစားသမားဘဝဖြတ်သန်းမှုတလျှောက် ပထမဆုံးအကြိမ် အလဲထိုးခံလိုက်ရတာဖြစ်ပြီး ဒီပွဲစဉ်က ရော့ထန်အတွက် ONE ကစားသမားဘဝဖြတ်သန်းမှု နောက်ဆုံးပွဲစဉ်လည်းဖြစ်ပါတယ်။







