နယ်စပ်မြို့ဖြစ်သည့် ထိုင်းနိုင်ငံရနောင်းမြို့တွင် မြန်မာသက်ကြီးရွယ်အိုများကို ဖမ်းဆီးမှု ခပ်စိပ်စိပ်ရှိလာကြောင်း မြန်မာအသိုင်းအဝိုင်းထံမှ သိရသည်။
ပြီးခဲ့သည့်လပိုင်းမှစကာ မြန်မာနိုင်ငံသားများ နေထိုင်သည့် အခန်း(တန်းလျား)များကို ထိုင်းရဲတပ်ဖွဲ့က ပစ်မှတ်ထားဝင်ရောက်စစ်ဆေးကာ အထောက်အထားမရှိသည့် သက်ကြီးရွယ်အိုများကို ဖမ်းဆီးနေခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် အထောက်အထားမရှိသည့် မြန်မာနိုင်ငံသားသက်ကြီးရွယ်အို ၁၀ ဦးထက်မနည်းအဖမ်းခံရပြီး အချို့ကို မြန်မာနိုင်ငံ ကော့သောင်းမြို့ဘက် ပြန်လွှဲနေကြောင်း ရနောင်းမြို့နေ ထားဝယ်ဒေသခံတစ်ဦးက ဆိုသည်။
“လူငယ်လူလတ်ပိုင်းတွေမှာက အထောက်အထားစုံတဲ့သူများသွားပြီဆိုတော့ သက်ကြီးရွယ်အိုတွေဘက် လှည့်လာတာ”ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းကပင် ထားဝယ်ဒေသခံတစ်ဦးဖြစ်သည့် အသက် ၇၀ ဝန်းကျင်အရွယ် အထောက်အထားမဲ့ အဘိုးတစ်ဦးနှင့် မွန်ပြည်နယ်ဇာတိအဘွားတစ်ဦး အဖမ်းခံရသေးသည်။
ထိုင်းနိုင်ငံ၏အလုပ်သမားဥပဒေအရ အသက် ၅၅ နှစ်အထက်ရှိသူများကို အလုပ်လုပ်ခွင့်လက်မှတ်(ဝါ့ပါမစ်) လုပ်ပေးခြင်း မရှိကြောင်း အထောက်အထားလုပ်ပေးသည့် အေးဂျင့်အချို့ထံမှ သိရသည်။
“အခုတလောတောင် အဖမ်းအဆီးတွေ အရမ်းများလာတယ်။ ကုန်းက(ရဲ)မဟုတ်ဘူး၊ ရေကြောင်းရဲက ဝင်ဖမ်းတာ”ဟု အေးဂျင့်တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် တိုက်ပွဲနှင့် စစ်ကြောင်းထိုးမှုများကြောင့် သားသမီးကျောထောက်နောက်ခံရှိသည့် သက်ကြီးရွယ်အချို့က ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ရွှေ့ပြောင်းလာကြခြင်းဖြစ်သည်။
ထိုသို့ပြောင်းရွှေ့နေထိုင်ရာတွင် ငွေကြေးတတ်နိုင်သူအချို့က ၁၄ ရက်နေထိုင်ခွင့်ရှိသည့် ကော့သောင်းစာအုပ် ခေါ် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass) ဖြင့် နေထိုင်ကြသည်။
သို့သော် အများစုမှာ အထောက်အထားမဲ့ဖြင့် နေထိုင်နေကြခြင်းဖြစ်၍ ယခုကဲ့သို့ သက်ကြီးရွယ်အိုများ ပစ်မှတ်ထားဖမ်းဆီးလာမှုကြောင့် မြန်မာနိုင်ငံသားများ စိုးရိမ်နေကြသည်။






