ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းစက်ရုံတွင် သေဆုံးခဲ့သော မြန်မာလုပ်သားအတွက် နစ်နာကြေး ဘတ် ၈ သိန်းကျော် ရရှိ

April 29, 2026

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး နွန်ထဘူရီခရိုင် အထပ်သားပြားစက်ရုံတွင် အလုပ်လုပ်နေရင်း မတော်တဆမှုကြောင့် သေဆုံးသွားသော မြန်မာအလုပ်သမားအတွက် နစ်နာကြေး ဘတ် ၈ သိန်းကျော်ကို ၎င်း၏မိသားစုဝင်များ ရရှိသွားပြီဟု ကူညီဆောင်ရွက်ပေးနေသော MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

အသက် ၂၆ နှစ်အရွယ် ကိုဟိန်းထက်အောင်သည် ပြီးခဲ့သော ၂၀၂၅ ခုနှစ် ဇူလိုင်လက စက်ရုံထဲ အလုပ်လုပ်နေရင်း စက်ထဲညပ်မိ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။

ကိုဟိန်းထက်အောင်သေဆုံးမှုအတွက် နစ်နာကြေးရအောင် ကူညီဆောင်ရွက်ပေးရန် မိသားစုဝင်များက MHAC မဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။

နစ်နာကြေးရရှိရန်အတွက် မိသားစုဝင်များနှင့်အတူ MHAC မဟာမိတ်အဖွဲ့က အချိန် ကိုးလကျော်ကြာ ကြိုးစားဆောင်ရွက်ခဲ့ပြီးနောက် ဧပြီလ ၂၈ ရက်နေ့တွင် လူမှုဖူလုံရေးရုံး (ပကန်စံခွန်) က နစ်နာကြေး ၈၀၉,၀၀၀ ဘတ်ကို ပေးအပ်ခဲ့ကြောင်း အဖွဲ့ခေါင်းဆောင် အေအေစီရဲမင်းက ပြောသည်။

“သူ့မိခင်ကိုယ်တိုင် နစ်နာကြေးကို လက်ခံရယူခဲ့တာပါ။ အလုပ်ရှင်ထံကနေ ဂရုဏာကြေး ဘတ် ၁ သန်း ထပ်မံရရှိအောင် ရှေ့နေတွေနဲ့ ဆက်လက်ညှိနှိုင်းနေပါတယ်” ဟု အေအေစီရဲမင်းက ဆိုသည်။

သေဆုံးသွားသော ကိုဟိန်းထက်အောင်သည် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ဇာတိဖြစ်ပြီး မိဘများကို လုပ်ကျွေးနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အလုပ်ရှင်ထံမှ ဂရုဏာကြေး ဘတ်တစ်သန်း ထပ်မံရရှိစေရန် ရှေ့နေများနှင့် ပူးပေါင်း၍ ရဲစခန်းတွင် ညှိနှိုင်းဆောင်ရွက်နေကြောင်း အဖွဲ့ထံမှ သိရသည်။