ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၄၀ ကျော် ဖမ်းဆီးခံရ

May 28, 2026

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၄၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။

မေလ ၂၇ ရက် ည‌နေ ၃ နာရီခွဲခန့်က ကန်ချနဘူရီမြို့ ပက်ဖဲဒေသရှိ နေအိမ်တစ်လုံးတွင် မြန်မာနိုင်ငံသားများ အုပ်စုလိုက် နေထိုင်နေကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

အိမ်ကို မြန်မာနိုင်ငံသားများ ယာယီနေထိုင်နိုင်ရန် ပြုပြင်ထားပြီး အထဲတွင် ရေချိုးခန်း၊ အိမ်သာနှင့် အခြားလျှပ်စစ်အသုံးအဆောင်များကိုလည်း တွေ့ရှိကာ ဈေးဆိုင်ငယ်ကိုပါ ဖွင့်ထားကြောင်း သတင်းတွင်ပါရှိသည်။

အိမ်ထဲတွင် မြန်မာနိုင်ငံသား အမျိုးသား ၃၄ ဦး၊ အမျိုးသမီး ၇ ဦး စုစုပေါင်း ၄၁ ဦးကို တွေ့ရပြီး အားလုံးတွင် နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရဟုဆိုသည်။

မြန်မာနိုင်ငံသားများနှင့်အတူ နေထိုင်နေသော ထိုင်းနိုင်ငံသား ပွဲစားတစ်ဦးကိုလည်း တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ကြောင်း‌ သတင်းတွင်ပါရှိသည်။

မြန်မာနိုင်ငံသားများကို မေလ ၂၅ ရက်နေ့က စိုင်ယွတ်ဒေသမှ သွားရောက်ခေါ်ဆောင်လာပြီး အခြားနေရာသို့ ပို့ဆောင်ရန် ယင်းအိမ်ထဲတွင် ယာယီစောင့်ဆိုင်းစေကြောင်း၊ ယခုပို့ဆောင်ပေးမှုအတွက် တစ်ဦးလျှင် ဘတ် ၂၀၀၀ ရရှိကြောင်း ထိုင်းနိုင်ငံသားက ရဲတပ်ဖွဲ့ထံ ဖြေကြားထားသည်။

လက်ရှိတွင် ထိုင်းနိုင်ငံသားကို တရားမဝင် ဝင်လာသော နိုင်ငံခြားသားများကို ကူညီမှုဖြင့် အမှုဖွင့်ထားပြီး မြန်မာနိုင်ငံသား ၄၁ ဦးကို တရားမဝင် ဝင်ရောက်လာမှုဖြင့် အမှုဖွင့်ထားကာ နေရပ်ပြန်ပို့သွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: Banmuang, Talknew Online, Kanchanaburi News