ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) အသစ် ထုတ်ပေးရေးစခန်းများကို ဩဂုတ်လ ၁၇ ရက်နေ့အထိ အချိန် သုံးလ ထပ်တိုးဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားခန့်ထားရေးဦးစီးဌာနက ဧပြီလ ၂၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။
CI စာအုပ်အသစ် ထုတ်ပေးရေးစခန်းများကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှစ၍ မေလ ၁၇ ရက်နေ့အထိ ဖွင့်လှစ်ပေးမည်ဟု ကနဦး ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။
ထိုင်းရောက် မြန်မာအလုပ်သမားများ စာရွက်စာတမ်းများ လုပ်ဆောင်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် CI စာအုပ်အသစ် ထုတ်ပေးရေးစခန်း နောက်ဆုံးဖွင့်မည့်ရက်ကို မေလ ၁၇ ရက်နေ့မှ ဩဂုတ်လ ၁၇ ရက်နေ့အထိ အချိန်သုံးလတိုးဖွင့်ပေးမည်ဖြစ်ကြောင်း အလုပ်သမားခန့်ထားရေးဦးစီးဌာနက ထုတ်ပြန်သည်။
CI စာအုပ်အသစ် ထုတ်ပေးရေးစခန်းများကို စမွတ်စခွန်၊ စမွတ်ပရကန်၊ ချင်းမိုင်၊ စူရတ်ဌာနီနှင့် ချွန်ဘူရီ စသော ခရိုင် ၅ ခုတွင် ဖွင့်လှစ်နေခြင်းဖြစ်သည်။
လက်ရှိ CI စခန်းများတွင် ပြီးခဲ့သော ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) ပြုလုပ်ထားပြီး နိုင်ငံကူးလက်မှတ်စာအုပ်မရှိသည့် မြန်မာအလုပ်သမားများအား CI စာအုပ်အသစ် ထုတ်ပေးနေခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် အလုပ်လုပ်ခွင့်လက်မှတ် ပြုလုပ်ထားသူများ CI စာအုပ်အသစ် လုပ်ဆောင်၍ မရသေးပေ။
ထို့ကြောင့် ယခုထပ်တိုးပေးထားသော အချိန်သုံးလတွင် ၂၀၂၄ ခုနှစ် ဘတ်ရိုက်ထားသော မြန်မာအလုပ်သမားများအတွက် အချိန်တိုး၍ CI စာအုပ်ထုတ်ပေးခြင်းလား သို့မဟုတ် ၂၀၂၅ ခုနှစ် ဘတ်ရိုက်ထားသူများအတွက် CI စာအုပ်အသစ် လုပ်ဆောင်ပေးမည်လားဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ယင်းကိစ္စနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း သိရှိနိုင်ရန် ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမား သံအရာရှိရုံးကို ဖုန်းဆက်မေးမြန်းရာ “သက်ဆိုင်ရာရုံးတွေကနေ တရားဝင် ကြေညာချက် ထုတ်ပြန်ပါလိမ့်မယ်။ လက်ရှိတော့ ဘာမှမသိရသေးပါဘူး” ဟုသာ ပြန်လည်ဖြေဆိုခဲ့သည်။
CI စာအုပ်အသစ် ပြုလုပ်လိုသူများအနေဖြင့် နီးစပ်ရာ 7-Eleven စတိုးဆိုင်များတွင် စာအုပ်ဖိုးကုန်ကျစရိတ် ၂၆၇၀ ဘတ်ကို ပေးသွင်း၍ ကြိုတင်ရက်ချိန်း ရယူရမည်ဖြစ်သည်။
ကြိုတင်ရက်ချိန်းနှင့်အတူ အလုပ်လုပ်ခွင့်လက်မှတ် (Work permit) စာရွက်များကို ကိုင်ဆောင်၍ မိမိရွေးချယ်ထားသော CI စခန်းများတွင် စာအုပ်အသစ် လုပ်ဆောင်ရမည်ဖြစ်သည်။
ယခုနှစ် CI စာအုပ်အသစ် ပြုလုပ်သူများသည် အလုပ်လုပ်ခွင့်လက်မှတ်ကို သက်တမ်းတိုးပြီးပါက အလုပ်လုပ်ခွင့်ဗီဇာ (Non LA) ကို ၂၀၂၇ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ရရှိမည်ဖြစ်သည်။
သို့သော်လည်း ဗီဇာကို တစ်နှစ်အတွင်း နှစ်ကြိမ်အထိ တုံးထုရမည်ဖြစ်ကြောင်း အကျိုးဆောင်များထံမှ သိရသည်။
လက်ရှိတွင် လုပ်ငန်းစဉ်အဆင့်ဆင့်ကို နားမလည်သော မြန်မာအလုပ်သမားများက အကျိုးဆောင်များထံမှ CI စာအုပ်အသစ် ပြုလုပ်ရန်အပ်နေကြပြီး ကုန်ကျစရိတ်အတွက် အနည်းဆုံး ဘတ် ၅၀၀၀ မှ ၈၀၀၀ အထိ ပေးနေကြရကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။
CI စာအုပ်ဆိုသည်မှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ဖြစ်ပြီး နိုင်ငံကူးလက်မှတ်မရှိသော ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် ခရီးသွားလက်မှတ်အဖြစ် ထုတ်ပေးထားသော စာအုပ်ဖြစ်ကာ သက်တမ်း ၄ နှစ်ဖြစ်သည်။







