ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကန်ချနဘူရီတွင် ထိုင်းနိုင်ငံသားမှတ်ပုံတင်ဖြင့် ဝင်လာသော မြန်မာ ၂ ဦး ဖမ်းဆီးခံရ

April 28, 2026

Ref: Kanchanaburi News, Khao Kanchanaburi, Siamrath

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသတွင် ထိုင်းနိုင်ငံသား မှတ်ပုံတင်ကို အသုံးပြုပြီး တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဧပြီလ ၂၆ ရက်နေ့ ည ၁၁ နာရီခန့်က စန်ခရာဘူရီဒေသမှ ထိုးဖားဖုန်းဒေသို့ လာသော ဗန်ကားတစ်စီးတွင် နိုင်ငံခြားသားများ တရားမဝင် လိုက်ပါလာကြောင်း သတင်းရရှိသဖြင့် နယ်ခြားစောင့်တပ်က တားဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ကားပေါ်တွင် ခရီးသည် ၁၀ ဦး လိုက်ပါလာသည်ကို တွေ့ရပြီး ၎င်းတို့အနက် မြန်မာနိုင်ငံသားနှစ်ဦးက အခြားထိုင်းနိုင်ငံသား၏ မှတ်ပုံတင်ကို ကိုင်ဆောင်ထားသည်ကို တွေ့ရကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံသားနှစ်ဦးက ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် စန်ခရာဘူရီသို့ တရားမဝင် ဝင်လာပြီး ဘန်ကောက်သို့ သွားရန် ပွဲစားတစ်ဦးနှင့်အတူ လိုက်ပါလာခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။

ဘန်ကောက်သွားရန် ပွဲစားက ထိုင်းမှတ်ပုံတင်များကို ပေးထားခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ ပွဲစားလည်း လိုက်ပါလာကြောင်း ဆိုသည်။

ပွဲစားကလည်း အခြားသူတစ်ဦးက စေခိုင်းခဲ့သဖြင့် မြန်မာနိုင်ငံသားများကို ထိုင်းမှတ်ပုံတင် စီစဉ်ပေးခဲ့ပြီး ပို့ဆောင်ပေးခအနေဖြင့် တစ်ဦးလျှင် ဘတ် ၅၀၀၀ စီ ရရှိမည်ဖြစ်ကြောင်း ဖြေကြားထားသည်။

ဖမ်းဆီးခံရသော ပွဲစားသည် မည်သည့်နိုင်ငံသားဖြစ်သည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။

လက်ရှိတွင် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသားနှစ်ဦးနှင့် ပွဲစားတစ်ဦးကို ဥပဒေအရ အရေးယူရန် စန်ခရာဘူရီရဲစခန်းသို့ ပို့ဆောင်ထားပြီး လူမှောင်ခိုပို့ဆောင်သော ကွင်းဆက်ကို ဆက်လက်စုံစမ်းသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: Kanchanaburi News, Khao Kanchanaburi, Siamrath