ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးစဉ် ဖမ်းဆီးထားသည့် ရေးဒေသခံများ ပြန်မလွတ်သေး

January 28, 2026

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းအတွင်းရှိ ကျေးရွာများဘက်သို့ စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးလာစဉ် ဖမ်းဆီး ခေါ်ဆောင်သွားသည့် ဒေသခံ ၁၀ဦးခန့် ယနေ့ မွန်းလွဲပိုင်းအထိ ပြန်လွတ်လာခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

အင်အားတစ်ရာခန့်စီ ပါဝင်သည့် စစ်ကြောင်းနှစ်ကြောင်းသည် ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများဘက်သို့ ဇန်နဝါရီ ဒုတိယ အပတ်ကစပြီး စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း ဒေသခံများက ပြောသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းက လမ်းတွင် တွေ့ရှိသည့် အမျိုးသားများကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့ ဇန်နဝါရီလ ၂၈ ရက် မွန်းလွဲပိုင်းအထိ တစ်ဦးမျှ ပြန်လွတ်လာခြင်း မရှိသေးကြောင်း ဒေသခံများက ဆိုသည်။

“သွားရင်း လာရင်း စစ်ကြောင်းနဲ့ တိုးလို့ အဖမ်းခံရတာရှိတယ်။ တချို့က ခြံကနေ ပြန်လာတဲ့အချိန်မှာ ခေါ်သွားတာရှိတယ်။ လိုက်မေးကြည့်ရသလောက်က ၁၀ ယောက်လောက်ရှိမယ် အဖမ်းခံထားရတာ။ အခုက တပ်ရင်းမှာ ရှိတယ်လို့ ကြားပေမယ့် အဆက်အသွယ်တော့ မရကြဘူး” ဟု ရေးမြောက်ပိုင်းဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူ ၁၀ဦးခန့်သည် မော့ကနင်၊ ကနင်ကမော့၊ ဆုံဆည်းမြိုင်၊ ကွမ်ကျိုက် အစရှိသည့်ကျေးရွာများမှ ဒေသခံများဖြစ်ပြီး အများစုသည် လူငယ်များဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

၎င်းတို့ကို မော့ကနင်ရွာအခြေစိုက် အမှတ် ၁၀၆ ခြေလျင်တပ်ရင်းနှင့် ရေမြို့မရဲစခန်းတို့တွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရကြောင်း ဒေသခံများက ဆိုသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းသည် လမ်းတွင် တွေ့ရှိသူများကို ဖမ်းဆီးသွားခဲ့သည့်အပြင် လူနေ ကျေးရွာကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။

စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု ရှိသလို နေအိမ်နှင့် အသုံးအဆောင်ပစ္စည်း ထိခိုက်ပျက်စီးမှုလည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထိန်းချုပ်ထားသည့် ရေးမြို့နယ်မြောက်ပိုင်းဒေသကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်အာဏာရှင်တပ်က အပြင်းအထန်ကြိုးပမ်းနေပြီး စစ်အင်အား တိုးချဲ့ခြင်း၊ စစ်ကြောင်းထိုးခြင်းများ ဆက်တိုက် ပြုလုပ် နေသည်။

စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီး လက်ရှိအချိန်အထိ စစ်ကြောင်းများ ကျေးရွာများအတွင်း လှည့်ပတ်စစ်ကြောင်းထိုးနေသည့်အတွက် စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။