ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အပစ်ရပ်သဘောတူညီချက် အမေရိကန် ချိုးဖောက်ကြောင်း အီရန်စွပ်စွဲ

May 27, 2026

အပစ်ရပ်သဘောတူညီချက်ကို အမေရိကန်က ချိုးဖောက်ကြောင်း အီရန်က မေလ ၂၆ ရက်တွင် စွပ်စွဲလိုက်သည်။

အီရန်ဒုံးကျည်စခန်းများနှင့် ရေမြှုပ်မိုင်းထောင်သည့် ရေယာဉ်များကို အမေရိကန်က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ဘက်က ယင်းသို့ စွပ်စွဲပြောဆိုလိုက်ခြင်းဖြစ်ပြီး လက်တုံ့ပြန်ရန် အသင့်ရှိကြောင်း သတိပေးထားသည်။

အမေရိကန် ဗဟိုစစ်ဌာနချုပ်က နောက်ထပ် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ကြေညာအပြီးတွင် ဘရန့် ရေနံစိမ်းစျေးနှုန်းသည် ၄ ရာခိုင်နှုန်းကျော် မြင့်တက်သွားခဲ့သည်။

တစ်ချိန်တည်းတွင်ပင် တရုတ်နိုင်ငံက နှစ်ဖက်စလုံးအနေဖြင့် အပစ်အခတ်ရပ်စဲရေးကို လေးစားလိုက်နာကြရန်နှင့် ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် တိုက်တွန်းထားသည်။

ဗြိတိန်အခြေစိုက် ရေကြောင်းကုန်သွယ်မှု လုပ်ငန်းအဖွဲ့ (UKMTO) ၏ အဆိုအရ အိုမန်ကမ်းလွန်ပင်လယ်ပြင်တွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ ရေနံတင်သင်္ဘောတစ်စီး၏ ရေပြင်နှင့်ထိစပ်နေသော ကိုယ်ထည်ပိုင်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ဟော်မုဇ်ရေလက်ကြားအနီးရှိ တောင်ပိုင်းဆိပ်ကမ်းမြို့ ဖြစ်သော ဘန်ဒါအဘတ်စ်တွင် တနင်္လာနေ့ညပိုင်းက ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။

ယင်းအပြင် အီရန်လေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်လာသည့် အမေရိကန် ဒရုန်းယာဉ်တစ်စီးကို ပစ်ချခဲ့ပြီး F-35 တိုက်လေယာဉ်တစ်စီးကိုလည်း ၎င်းတို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။

အမေရိကန် ၊ အစ္စရေးနှင့် အီရန်အကြား စစ်ပွဲကို အဆုံးသတ်ရန် ဧပြီလ ၈ ရက်နေ့က စတင်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန် ဆွေးနွေးနေချိန်တွင် အဆိုပါ တိုက်ခိုက်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အီရန်နှင့် မည်သည့်သဘောတူညီချက်ကိုမဆို အလျင်စလို မလုပ်ဆောင်ရန် မိမိ၏ ကိုယ်စားလှယ်များကို ညွှန်ကြား ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၂၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးမည့် ငြိမ်းချမ်းရေးသဘောတူညီချက်ဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်ခုကို အမေရိကန်နှင့် အီရန်အကြား အချက်အများအပြား ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ပြီဖြစ်ကြောင်း သမ္မတထရမ့်က မကြာသေးမီရက်ပိုင်းအတွင်း ပြောကြားထားသည်။

သို့ရာတွင် အီရန်၏ အဏုမြူပိုင်ဆိုင်ရေးရည်မှန်းချက်များ၊ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာ လက်နက်ကိုင် အဖွဲ့နှင့် လက်ဘနွန်နိုင်ငံအတွင်း ဖြစ်ပွားနေသည့် အစ္စရေး၏စစ်ပွဲ၊ ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းပေးရန် အီရန်၏ တောင်းဆိုချက်များတွင် နှစ်ဦးနှစ်ဖက် သဘောထားကွဲလွဲနေဆဲ ဖြစ်သည်။

ယင်းအပြင် ပြည်ပဘဏ်များတွင် ပိတ်ဆို့သိမ်းဆည်းထားသည့် ဒေါ်လာ ဘီလီယံပေါင်းများစွာတန်ဖိုးရှိ အီရန်ရေနံဝင်ငွေများကို ပြန်လည်လွှဲပြောင်းပေးရေး ကိစ္စရပ်များတွင်လည်း သဘောထားကွဲလွဲနေဆဲ ဖြစ်သည်။

Source: AFP