ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်အရှေ့တောရှိ ဖိုးလမိုင်း သတ္တုမိုင်းကို စစ်အာဏာရှင်တပ် လေယာဉ်ဖြင့်ဗုံးကြဲ

June 26, 2026

ထားဝယ်အရှေ့တောဒေသ ဟိန္ဒားရွာအနီးက ဖိုးလမိုင်း ခဲသတ္တုမိုင်းရှိရာနေရာကို စစ်အာဏာရှင်တပ်က ယနေ့ ဇွန်လ ၂၆ ရက် မွန်းတည့်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့က ပြောသည်။

နေ့လယ် ၁၂ နာရီခန့်တွင် မြိတ်လေတပ်က တက်လာသည့် ဂျက်ဖိုက်တာ တစ်စီးသည် ဖိုးလမိုင်းကို ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

“ဖိုးလမိုင်းတောင်ခြေမှာ ကျတယ်လို့ပြောတယ်၊ လူထိခိုက်တယ်လို့တော့‌ ပြောသံမကြားရသေးဘူး” ဟု အရှေ့တောဒေသ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် ခဲလုပ်ကွက်တွင် လုပ်ကိုင်နေသည့် ဒေသခံများ၊ ကွမ်းသီးနုဝယ်ရန် လာသူများ ထွက်ပြေးလာကြကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“အခုအဲ့ဒီ (ဖိုးလမိုင်း) မှာ တရုတ်လုပ်ငန်းရှင်တွေက စက်ယန္တရားတွေနဲ့ အကြီးအကျယ်ပဲလုပ်နေတာ။ စက်တွေ ဘတ်ဟိုးတွေဆိုလည်းမနည်းဘူး။ အခုလေယာဉ်ဗုံးကြဲတာ အဲဒီနေရာတစ်ဝိုက်ကိုပဲ” ဟု ၎င်းက ပြောသည်။

လေယာဉ်ဖြင့် ဗုံးကြဲမှုတွင် လူထိခိုက်မှုရှိသည်ဟု မကြားရကြောင်း ဒေသခံအချို့က ပြောဆိုသည်။

အဆိုပါ ခဲမိုင်းလုပ်ကွက်တွင် ဒေသခံများလည်း ဝင်ရောက်လုပ်ကိုင်လျက်ကြောင်း ဒေသခံအချို့က ဆိုသည်။