ထားဝယ်မြို့ပေါ်တွင် တစ်လမ်းမောင်းစနစ် သတ်မှတ်ထားသော အာဇာနည်လမ်းပေါ်တွင် လမ်းပြောင်းပြန်မောင်းသည် ဟုဆိုကာ မော်တော်ယာဉ်များအား ဖမ်းဆီးကာ ကျပ်သိန်းချီတောင်းခံနေကြောင်း ကိုယ်တိုင်ကြုံရသူတို့က ပြောသည်။
အာဇာနည်လမ်းပေါ်ရှိ လမ်းဆုံကြီးမီးပွိုင့်မှ ရုံးကြီးလမ်းဆုံအထိ မီတာ ၄၈၀ ခန့်တွင်ရှိသည့် လမ်းတစ်စိတ်တစ်ပိုင်းအား တစ်လမ်းမောင်းစနစ်ဖြင့် NLD အစိုးရလက်ထက်ကတည်းက သတ်မှတ်ထားခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း ထိုတစ်လမ်းမောင်းသတ်မှတ်ထားနေရာရှိ တိုင်းအစိုးရအဖွဲ့ရုံးသို့ သွားသည့် အင်းဝဘဏ်မရောက်မီကနေ အစိုးရရုံးအထိ လမ်းပိုင်းကို သံဆူးကြိုး၊ ဘယ်ရီဂိတ်များဖြင့် ပိတ်ပစ်လိုက်သည်။
ထိုကဲ့သို့ လမ်းပိတ်လိုက်သဖြင့် လမ်းဆုံကြီးမီးပွိုင့်ဘက်မှ တိုင်းအစိုးရရုံးဘက်သို့လာမည့် မော်တော်ယာဉ်များသည် ပိတ်ထားသည့်နေရာရောက်ပါက တစ်လမ်းမောင်း သတ်မှတ်ထားသော်လည်း နောက်ပြန်ကွေ့ပြီး လမ်းသွယ်များထဲသို့ မောင်းဝင်ကာ သွားလာနေကြသည်မှာ ငါးနှစ်ကျော်ရှိနေပြီဖြစ်သည်။
ပြီးခဲ့သည့်လကမူ သံဆူးကြိုးများဖြင့် ပိတ်ထားသောလမ်းကို ပြန်ဖွင့်ပေးလိုက်သဖြင့် ယခင်ကဲ့သို့ မော်တော်ယာဉ်များမှာ နောက်ပြန်လှည့်ခွင့် မရတော့ဘဲ တိုင်းအစိုးရရုံးဘက်သို့ တိုက်ရိုက်မောင်းနှင်ရမည်ဖြစ်သည်။
သို့သော် သုံးဘီး၊ ဆိုင်ကယ်၊ ကားများအားလုံးသည် ယခင်လမ်းပိတ်ထားစဉ်ကအတိုင်း ပိတ်ထားသည့်နေရာ အင်းဝဘဏ်အနီးသို့ မရောက်မီ နောက်ပြန်ကွေ့ပြီး လမ်းသွယ်များထဲသို့ မောင်းဝင်ကာ သွားလာနေကြသည်ကို ယာဉ်ထိန်းရဲများက စောင့်ကြည့်ပြီး ဖမ်းဆီးကာ ငွေညှစ်နေခြင်းဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူတို့က ဆိုသည်။
“ကျွန်တော်တို့ကဗျာ ဈေးကြီးကိုလာတယ်။ ဈေးကြီးရောက်ရင် အရင်ကဆို (လမ်းပိတ်ထားလို့) ရှေ့ဆက်သွားလို့ မရဘူး။ (လမ်းပိတ်ထားတဲ့နေရာ) မှာပဲ လူတွေဘာတွေ ချပြီးရင် နောက်ကိုပြန်ကွေ့ပြီး ဦးကျော်ရင်လမ်းထဲကို ဝင်ချင်ဝင်တယ်။ ဈေးဘေးက လမ်းကို ဝင်ချင်ဝင်တယ်။ အခုလည်း အဲဒီလိုပဲ ဝင်သွားတာပေါ့။ ဝင်သွားတုန်းက ဘာမှမပြောဘူး။ လူတွေ၊ ပစ္စည်းတွေချနေတာလည်း ဘာမှမပြောဘူး။ ပြန်ကွေ့တော့မှ မော်တော်ပီကယ်ထွက်လာပြီး လမ်းပြောင်းပြန်မောင်းလို့ဆိုပြီး ဖမ်းလိုက်တာပဲ” ဟု ကိုယ်တိုင်အဖမ်းခံရသည့် နယ်ကျေးရွာမှ သုံးဘီးမောင်းသမားတစ်ဦးက ပြောသည်။
ဖမ်းဆီးပြီးပါက မော်တော်ယာဉ်တစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေညှစ်လေ့ရှိပြီး ထိုသို့ မပေးပါက လိုင်စင်သိမ်းကာ တရားရုံးတင်မည်ဟု ပြောဆိုကြောင်း ကိုယ်တိုင်ကြုံရသူတို့က ဆိုသည်။
“လိုင်စင်သိမ်းလိုက်ရင် ဘယ်အချိန်ပြန်ရမယ်မှန်း မသေချာဘူးလေ။ ကိုယ့်မှာ ခရီးသည်ကလည်း ပါနေတာဆိုတော့ ပြီးရင်ပြီးရောဆိုပြီး တောင်းတဲ့ငွေကိုပဲ ပေးလိုက်တယ်” ဟု ကားသမားတစ်ဦးက ပြောဆိုသည်။
ယာဉ်ထိန်းရဲများသည် လမ်းပြောင်းပြန်မောင်းသည်အထိ စောင့်ကြည့်နေပြီး စောင့်ဖမ်းနေသဖြင့် ထိုနေရာတစ်ခုတည်းမှာပင် တစ်ရက်လျှင် ဆယ်ဦးထက်မနည်း ဖမ်းဆီးခံနေရကြောင်း မြို့ပေါ်ရှိ ဈေးသည်တို့က ပြောသည်။
“အဓိက အဖမ်းခံရများတာက ဈေးတောင်ဘက်လမ်းကနေလာပြီး ရုံးကြီးလမ်းကြားထဲကိုဝင် အဲဒီကနေပြီး ဈေးကြီး ဘက်ကို ကွေ့တဲ့သူတွေ အများဆုံးအဖမ်းခံရတယ်” ဟု ဖမ်းဆီးသည့်ဖြစ်စဉ်အား နေ့တိုင်းမြင်နေရသူ ဈေးသည်တစ်ဦးက ဆိုသည်။
အာဏာသိမ်းပြီးနောက်ပိုင်း လူထောင်သောင်းချီသည့် ဆန္ဒပြသပိတ်စစ်ကြောင်းသည် တိုင်းအစိုးရရုံးကို ဖြတ်ပြီး ဈေးကြီး ဘက်သို့ ချီတက်ဆန္ဒပြခြင်း၊ တိုင်းအစိုးရရုံးရှေ့ အာဇာနည်လမ်းမပေါ်တွင် ထိုင်သပိတ်ဆင်နွဲခြင်းတို့ ပြုလုပ်ပြီးနောက်ပိုင်း ရုံးကြီးလမ်းဆုံမှ တိုင်းအစိုးရရုံးအရှေ့ကို ဖြတ်ကာ ဈေးကြီးဘက်သွားမည့် လမ်းပိုင်းအား စစ်အုပ်စုက ဘယ်ရီဂိတ်ချ၊ သံဆူးကြိုးခတ်ကာ ပိတ်ခဲ့သည်။







