ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မလေးရှားရောက်နေတဲ့ UFC ချန်ပီယံ ဂျိုရှူအာဗန်နဲ့ တေးသံရှင် ဖြူဖြူကျော်သိန်းတို့ ပရိသတ်နဲ့တွေ့ဆုံ

May 26, 2026

ဓာတ်ပုံ - Chin Refugee Committee, Malaysia

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ဂျိုရှူအာဗန် နဲ့ တေးသံရှင် ဖြူဖြူကျော်သိန်း တို့ဟာ မေလ ၂၅ ရက်နေ့က မလေးရှားနိုင်ငံမှာ သူ့ကို အားပေးတဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

မလေးရှားနိုင်ငံမှာရှိတဲ့ ချင်းဒုက္ခသည်ကော်မတီ ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနားကို တက်ရောက်အားပေးချီးမြှင့်ဖို့အတွက် ဂျိုရှူအာဗန် နဲ့ ဖြူဖြူကျော်သိန်း တို့က ရောက်လာခဲ့တာဖြစ်ပြီး အခမ်းအနား မတိုင်ခင်မှာ သူတို့နှစ်ယောက်က ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

ဂျိုရှူအာဗန် ဟာ မနေ့က ညနေပိုင်းမှာ မလေးရှားနိုင်ငံဆီကို ရောက်လာခဲ့ပြီး ရောက်လာပြီးတာနဲ့တပြိုင်နက် ပရိသတ်တွေ့ဆုံပွဲ အခမ်းအနားဆီ တက်ရောက်ပေးခဲ့ပါတယ်။

တေးသံရှင် ဖြူဖြူကျော်သိန်း ကလည်း ပရိသတ်တွေ့ဆုံပွဲ အခမ်းအနားမှာ သီချင်းတချို့ သီဆိုဖျော်ဖြေခဲ့ပြီး ဒီအခမ်းအနားဆီကို ပရိသတ်ပေါင်းများစွာ တက်ရောက်အားပေး ကြည့်ရှုခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာရှိတဲ့ ချင်းဒုက္ခသည်ကော်မတီရဲ့ ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနားကို လာမယ့် မေလ ၂၇ ရက်နေ့ရောက်ရင် မနက် ၉ နာရီက ည ၁၁ နာရီအထိ ကျင်းပသွားဖို့ ရှိနေပါတယ်။

အဲ့ဒီနေ့ဟာ အများပြည်သူ အားလပ်ရက်ဖြစ်လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အခမ်းအနားဆီ တက်ရောက်ကြဖို့ မလေးရှားနိုင်ငံမှာရှိတဲ့ ချင်းဒုက္ခသည်ကော်မတီက ဖိတ်ကြားထားပါတယ်။

ဂျိုရှူအာဗန် ဟာ မလေးရှားနိုင်ငံမှာ ဒုက္ခသည်အဖြစ် ငယ်ငယ်တုန်းက နေထိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

အခုခရီးစဉ်မှာ ဂျိုရှူအာဗန် က မလေးရှားအပြင် ထိုင်း နဲ့ မီဇိုရမ် ကိုလည်း သွားရောက်မှာ ဖြစ်တယ်လို့ သတင်းကြားသိရပါတယ်။