တနင်္သာရီမြို့နယ်၊ ကော့မပြင်းကျေးရွာကို စစ်အာဏာရှင်တပ်က ဂျိုင်ရိုကော်ပတာနှစ်စီးဖြင့် ယနေ့ ဗုံးချတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်နှင့် ဒေသခံများထံမှ သိရသည်။
ယနေ့ ဇွန်လ ၂၅ရက် မွန်းလွဲ ၂နာရီကျော်တွင် ဂျိုင်ရိုကော်ပတာနှစ်စီးဖြင့် ဗုံးသုံးလုံးကြဲချတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ကျတဲ့နေရာမှာက တွင်းကြီးတွေဖြစ်ကုန်တယ်။ လူတွေ ထိခိုက်မှု မရှိဘူး။ ဒီပုံံစံနဲ့ဆို တော်ရုံ (ဗုံး) ကျုံးတွင်းတွေ ခံနိုင်မှာမဟုတ်ဘူး။ ကျုံးတွင်းတွေကို အခိုင်အမာလုပ်ထားဖို့တော့ လိုမယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။
ကော့မပြင်းရွာတွင် ဒေသခံများနေထိုင်နေကြပြီး စစ်အာဏာရှင်တပ်က ကျေးရွာ ဘောလုံးကွင်းကို ကြဲချတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။
“လူတွေတော့ ထိခိုက်မှုမရှိဘူး။ ရွာထဲမှာက လူတွေနေကြတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
ကော့မပြင်းရွာသည် တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့်ရွာဖြစ်ပြီး ကော့မပြင်းကျေးရွာအုပ်စုတွင် စစ်အာဏာရှင်တပ်၏ ကျောက်လုံးကြီးရွာ တပ်စခန်းရှိသည်။
စစ်အာဏာရှင်တပ်သည် ဇွန်လ ၂၄ရက်တွင် လည်း ဘန်ကြုပ်ရွာကို ဂျိုင်ရိုကော်ပတာနှစ်စီးဖြင့် တိုက်ခိုက်ခဲ့သေးသည်။
ဇွန်လ ၂၁ရက်တွင်လည်း ဖာနီရွာနှင့် လေးမိုင်ရွာကို ဂျက်တိုက်လေယာဥ်နှစ်စီးနှင့် ဂျိုင်ရိုကော်ပတာ ၃စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။






