ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်အရှေ့တောတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ပြီး သတ်ခံရ

June 24, 2026

ထားဝယ်အရှေ့တောဒေသ တောင်သုံးလုံးကျေးရွာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကိုမုဒိမ်းကျင့်ပြီး သတ်ဖြတ်ထားခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဇွန်လ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခန့်က အသက် ၁၅ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိန်းကလေးတစ်ဦးကို ခဲလုပ်သားက မုဒိမ်းကျင့်ပြီး ကျောက်ခဲဖြင့် ထုသတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ မိန်းကလေးတွင် ကိုယ်ဝန် ၈ လဝန်းကျင်ရှိပြီဖြစ်ပြီး တောင်သုံးလုံးရွာ ဟိန္ဒားတံတားထိပ်ရှိ လမ်းဘေးတွင် ဖုန်းပြောနေချိန် အသက် ၁၉ နှစ်အရွယ် အထက်ပါခဲလုပ်သားက မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ခဲလာလုပ်တဲ့သူပေါ့။ သူဌေး (ခဲ)မိုင်းပိုင်ရှင်တွေက အလုပ်သမားတွေကို ခေါ်လာတယ်။ ခဲလာလုပ်တဲ့အဖွဲ့ထဲကလို့ ပြောတယ်” ဟု အထက်ပါ ဒေသခံက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို Dawei Watch အနေဖြင့် ဆက်လက်စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။

Dawei Watch က ရရှိထားသည့် ဓာတ်ပုံမှတ်တမ်းတွင်လည်း မိန်းကလေးငယ်၏ ဦးခေါင်းမှ သွေးများ မြေပြင်ကိုစီးကျကာ သေဆုံးနေကြောင်း တွေ့ရသည်။

မိန်းကလေးငယ်အား မုဒိမ်းကျင့်သူမှာ နှစ်ဦးဖြစ်ပြီး လက်ရှိတွင် တစ်ဦးကို ဖမ်းမိထားသည်ဟု ကြားသိရကြောင်း ထားဝယ်အရှေ့တောတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အဆိုပါ မုဒိမ်းကျင့်ပြီး သတ်ဖြတ်သည့် အမျိုးသားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ဖမ်းဆီးထားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် နောက်တစ်ဦးက ပြောသည်။

ကိုယ်ဝန်ဆောင်မိန်းကလေးငယ်၏ ရုပ်အလောင်းကို ယနေ့ (ဇွန်လ ၂၄ ရက်) တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အသုဘပြီးရင် တရားခံကိစ္စ စီရင်မယ်လို့ ပြောနေကြတယ်” ဟု အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထားဝယ်အရှေ့တောဒေသတွင် ခဲသတ္တုလုပ်ကွက်အများအပြားရှိပြီး တိုင်းပြင်ပမှ လာရောက်လုပ်ကိုင်သူ များပြားသလို ဒေသခံများလည်း လုပ်ကိုင်နေကြသည်။