ထိုင်းနိုင်ငံ ဖယောင်းခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၆၀ ကျော်ကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဖယောင်းမြို့ မဲတန်ဒေသက အိမ်တစ်ဆောင်ထဲတွင် မြန်မာနိုင်ငံသားများရှိနေကြောင်း သတင်းရရှိသဖြင့် အာဏာပိုင်များက ဧပြီလ ၂၃ ရက် ညနေပိုင်းတွင် ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။
အိမ်ထဲတွင် မြန်မာနိုင်ငံသား အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၃၀ ဦးကို စုစုပေါင်း ၆၃ ဦးကို တွေ့ရပြီး ၎င်းတို့အနက် ကလေးငယ် ၃ ဦး ပါဝင်ကြောင်း ဖော်ပြသည်။
ဖမ်းဆီးခံရသူအများစုသည် ပအိုဝ်း၊ ရှမ်း၊ ကရင် စသော တိုင်းရင်းသားလူမျိုးအများစုဖြစ်ကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံသားများကို စစ်ဆေးရာ အချို့တွင် နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်များသာတွေ့ရပြီး နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရကြောင်း ဆိုသည်။





မြန်မာနိုင်ငံသားများသည် မယ်ဆိုင်နယ်စပ်မှတစ်ဆင့် ကားများဖြင့် ယင်းအိမ်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး အိမ်ထဲ ယာယီပုန်းခိုနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
အားလုံးသည် ဘန်ကောက်နှင့် ဖစ်စနူလို့ခရိုင်များတွင် အလုပ်လုပ်ကိုင်ရန် ဝင်လာကြခြင်းဖြစ်ပြီး ခရီးစရိတ်အတွက် ဘတ် ၈၅၀၀ မှ ၁၀၀၀၀ အထိ ပေးချေထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံသားများက ထွက်ဆိုထားသည်ဟု ဆိုသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူများကို ဥပဒေနှင့်အညီ အရေးယူရန် ဖယောင်းရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သတင်းတွင် ဖော်ပြသည်။
Ref: CH 8, Banmuang, 77 Khaoded, Amarin Tv







