ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ကော့စမွေကျွန်းတွင် အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးရန် မြန်မာ အလုပ်သမားများ ပေးချေထားသော ဘတ်သုံးသန်းကျော်နှင့်အတူ နိုင်ငံကူးလက်မှတ်များကို မြန်မာပွဲစား ဇနီးမောင်နှံက လိမ်လည်ယူဆောင်ပြီး ထွက်ပြေးသွားကြောင်း မြန်မာအလုပ်သမားများက ပြောသည်။
မြန်မာအလုပ်သမားများသည် အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) နှင့် ဗီဇာသက်တမ်းတိုးရန် တစ်ဦးလျှင် ၁၁၅၀၀ ဘတ်စီ ပေးချေ၍ ကိုခိုင်မျိုးကျော်နှင့် မစန်းစန်းလွင်အမည်ရှိ မြန်မာပွဲစား ဇနီးမောင်နှံထံတွင် ပြီးခဲ့သောနှစ် နှစ်လယ်ပိုင်းက အလုပ်အပ်နှံခဲ့ကြကြောင်း ၎င်းတို့က ဆိုသည်။
ယခုနှစ် ဖေဖော်ဝါရီလအထိ အလုပ်လုပ်ခွင့် လက်မှတ်များကို သက်တမ်းတိုးပေးခြင်း မရှိသလို နိုင်ငံကူးလက်မှတ်စာအုပ်များကိုလည်း ပြန်မပေးခဲ့ကြောင်း အလုပ်သမားများက ပြောဆိုသည်။
နောက်ပိုင်းတွင် မြန်မာအလုပ်သမားများသည် ပွဲစားဇနီးမောင်နှံနှင့် လုံးဝ အဆက်အသွယ်မရတော့ဘဲ ပြီးခဲ့သောလက ထွက်ပြေးတိမ်းရှောင်သွားသည်ဟု ယူဆရကြောင်း မြန်မာအလုပ်သမားများက ပြောသည်။
လိမ်လည်သွားသော ပွဲစား ဇနီးမောင်နှံထံတွင် အလုပ်အပ်ထားသော မြန်မာအလုပ်သမား အနည်းဆုံးသုံးရာကျော်ရှိသဖြင့် ဘတ် သုံးသန်းကျော်အထိ ရှိနေကြောင်း လိမ်လည်ခံရသော မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။
“ဒီပွဲစားက အိမ်အထိ လိုက်ယူပေးတော့ အလုပ်သမားတွေအတွက် ပိုအဆင်ပြေတယ်ဆိုပြီး အပ်ကြတာ။ ပွဲစားရုံးတွေအထိ သွားစရာမလိုတော့ဘူး။ အဲဒီတော့ အပ်တဲ့သူတော်တော်များတယ် ပြောရမယ်။ (အလုပ်သမား) သုံးရာဆိုတာ အနည်းဆုံးကို ပြောတာ။ ဒီထက် ပိုနိုင်သေးတယ်” ဟု အလိမ်ခံရသော မြန်မာအလုပ်သမားက ပြောဆိုသည်။
ပွဲစား ဇနီးမောင်နှံသည် ငွေကြေးများနှင့်အတူ မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်စာအုပ်အချို့ကိုပါ ယူဆောင် ထွက်ပြေးသွားသဖြင့် မြန်မာအလုပ်သမားအချို့ ပိုမိုဒုက္ခရောက်နေကြောင်း ၎င်းက ဆိုသည်။
နိုင်ငံကူးလက်မှတ် စာအုပ်အချို့ကို အခြားသူများထံတွင် ပေါင်နှံထားခဲ့သဖြင့် မြန်မာအလုပ်သမားများက ဘတ်တစ်သောင်းဖြင့် ပြန်ရွေးရသေးကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။
လက်ရှိတွင် နိုင်ငံကူးလက်မှတ် စာအုပ်ပျောက်ဆုံးနေသူ ရာနှင့်ချီ ရှိနေဆဲဖြစ်သဖြင့် စာအုပ်များ အမြန်ဆုံး ပြန်လာပေးရန် လိုအပ်ကြောင်း အလုပ်သမားများက ပြောဆိုကြသည်။
“ပတ်စ်ပိုစ့်တွေ မရှိရင် ဒီနိုင်ငံမှာ ဘာမှ လုပ်မရတော့ဘူး။ အဲဒီတော့ ငွေပြန်မပေး နိုင်ရင်တောင် စာအုပ်လေးတော့ ပြန်ရချင်တယ်” ဟု နိုင်ငံကူးလက်မှတ် ပျောက်ဆုံးနေသော မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။
လိမ်လည်ထွက်ပြေးသွားသော ပွဲစား ဇနီးမောင်နှံသည် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာဇာတိဖြစ်ပြီး လက်ရှိတွင် မြန်မာပြည်သို့ ထွက်ပြေးသွားသည်ဟု ယူဆရကြောင်း မြန်မာအလုပ်သမားက ပြောဆိုကြသည်။
မြန်မာအလုပ်သမားများကို လိမ်လည်သွားမှုနှင့် ပက်သက်၍ ပွဲစားလင်မယားကို ဆက်သွယ်မေးမြန်းရန် Dawei Watch က ကြိုးစားသော်လည်း ဆက်သွယ်ခွင့် မရရှိခဲ့ပေ။
အလိမ်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ မြန်မာအလုပ်သမား ကူညီရေးအဖွဲ့အချို့ထံ အကူအညီတောင်းခံခဲ့သော်လည်း လမ်းခရီးအခြေအနေအရ စရိတ်များကို အလုပ်သမားများက ကျခံရမည်ပြောဆိုသဖြင့် မြန်မာအလုပ်သမားများက မတတ်နိုင်ခဲ့ကြောင်း မြန်မာအလုပ်သမားများက ဆိုသည်။
လက်ရှိ အလိမ်ခံရသော မြန်မာအလုပ်သမားများတွင် နိုင်ငံကူးလက်မှတ်စာအုပ်များလည်း မရှိသဖြင့် ရဲစခန်းတွင် စုပေါင်း၍ အမှုဖွင့်ရန်ပင် ခက်ခဲနေကြောင်း ၎င်းတို့က ပြောဆိုသည်။
ထို့ကြောင့် မြန်မာအလုပ်သမားများသည် နိုင်ငံကူးလက်မှတ်စာအုပ်များ အမြန်ဆုံးပြန်ရရန်နှင့် ကူညီဆောင်ရွက် ပေးလိုသူများရှိပါက ဆက်သွယ်၍ ကူညီပေးကြရန် တောင်းဆိုကြောင်း အလုပ်သမားများက ပြောသည်။







