ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အစိုးရအဖွဲ့ဝင်ပါတီအားလုံး၏ ထောက်ခံမှုကိုရထားကြောင်း ထိုင်းဝန်ကြီးချုပ်ပြော

June 23, 2025

အစိုးရအဖွဲ့ဝင် ပါတီအားလုံးက သူမအား ထောက်ခံမည်ဟု ကတိပြုခဲ့ကြောင်း ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခံနေရသည့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ထရာက ဇွန်လ ၂၂ ရက်က ပြောကြားလိုက်သည်။

၎င်းအနေဖြင့် နိုင်ငံရေးတည်ငြိမ်မှုနှင့် နိုင်ငံ့လုံခြုံရေးပြဿနာများကို ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပေထုန်တန်က ဆိုသည်။

“တိုင်းပြည်ဟာ ရှေ့ဆက်သွားနေရမယ်။ ထိုင်းနိုင်ငံဟာ စည်းလုံးနေရမယ်။ ပြည်သူလူထုအတွက် ပြဿနာတွေကို ဖြေရှင်းပေးဖို့ မူဝါဒတွေ ချမှတ်အကောင်အထည်ဖော်နေရမယ်” ဟု ပေထုန်တန်က X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။

အစိုးရအဖွဲ့မှ နုတ်ထွက်သွားဖွယ်ရှိသည်ဟု ထင်ကြေးပေးခံနေရသည့် United Thai Nation ပါတီအပါအဝင် အစိုးရအဖွဲ့ဝင်ပါတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်တွင် ၎င်းက ယင်းသို့ ရေးသားခဲ့ခြင်း ဖြစ်သည်။

မကြာသေးမီအချိန်အထိ United Thai Nation Party သည် ပေထုန်တန် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်မှသာလျှင် အစိုးရအဖွဲ့ထဲ ဆက်ပါဝင်မည့်ပုံရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် ဖုန်းခေါ်ဆိုမှုအသံဖိုင်ပေါက်ကြားလာမှုအပါအဝင် ကမ္ဘောဒီးယားနှင့် နယ်စပ်ပြဿနာတွင် ကိုင်တွယ်ပုံနှင့်ပတ်သက်၍ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ထရာသည် ဝေဖန်မှုများ၊ ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုမှုများဖြင့် ရင်ဆိုင်နေရသည်။

အဆိုပါ ဖုန်းခေါ်ဆိုမှုအသံဖိုင်တွင် ထိုင်းဝန်ကြီးချုပ်သည် ဟွန်ဆွန်အား အလျှော့ပေးလိုက်လျောလွန်းဟန်ရှိပြီး ထိုင်းစစ်ဘက် အဆင့်မြင့်အရာရှိတစ်ဦးအား ဝေဖန်ထားပုံရကြောင်း ရိုက်တာသတင်းတစ်ရပ်က ဖော်ပြသည်။

ယင်းအသံဖိုင်က သူမအပေါ် ဆန့်ကျင်ဝေဖန်သူများနှင့် သူမ၏ မဟာမိတ်များကိုပါ ဒေါသထွက်စေခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။

ယင်းအသံဖိုင်ပေါက်ကြားလာပြီးနောက်တွင် အစိုးရအဖွဲ့အတွင်းက အဓိကပါတီကြီးတစ်ခုဖြစ်သည့် ဖူကျန်ထိုင်းပါတီ နုတ်ထွက်သွားခဲ့သည်။

ဖူကျန်ထိုင်းပါတီ နုတ်ထွက်မှုက လွှတ်တော်ထဲတွင် အစိုးရအဖွဲ့၏ လူများစုအသာစီးရမှုကို အားနည်းသွားစေခဲ့သည်။

Source: Reuters

ဓာတ်ပုံ – REUTERS/Panumas Sanguanwong