ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်းလုံးတွင် စစ်အာဏာရှင်တပ်စစ်ကြောင်း ဒေသခံ ၁၀ခန့်ကို ဖမ်းဆီး၊ လူငယ်တစ်ဦး ပြန်မလွတ်သေး

July 22, 2026

လောင်းလုံးမြို့ မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်သည် ယနေ့ ဇူလိုင်လ ၂၂ရက်တွင် လူငယ်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့က ပြောသည်။

အင်အား ၅၀ ၀န်းကျင်ရှိသည့် အဆိုပါစစ်ကြောင်းသည် ဇူလိုင်လ ၂၀ ရက်ကစပြီး ရေဖြူမြို့နယ် သဗြေဇွန်းကျေးရွာမှ စတင် စစ်ကြောင်းထိုးလာကြောင်း ဒေသခံအချို့က ဆိုသည်။

ဇူလိုင်လ ၂၁ ရက်တွင် ကျခတ္တပင်အင်းကျေးရွာ ယင်းမှတစ်ဆင့် ကျောက်ထောင့်ကျေးရွာသို့ ဆက်လက် စစ်ကြောင်းထိုးလာကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၂၂ ရက်တွင် နတ်တွင်းကျေးရွာသို့ စစ်ကြောင်းထိုးလာပြီး ယင်းမှတစ်ဆင့် ယနေ့ မွန်လွဲပိုင်းတွင် လောင်းလုံးမြို့နယ်မြောက်ပိုင်းရှိ ဆင်ပုနစ်ကျေးရွာသို့ ရောက်ရှိလာကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဆင်ပုနစ် ကျေးရွာသို့လာချိန် လမ်းပိုင်းတွင် တွေ့သည့် ဒေသခံအမျိုးသား၊ အမျိုးသမီး ၁၀ ဦးခန့်ကို ဖမ်းဆီးခဲ့ပြီး ဆင်ပုနစ်ရွာသား လူငယ်တစ်ဦးမှလွဲ၍ ကျန်ဒေသခံများကိုမူ ပြန်လွှတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဖမ်းသွားတဲ့ သူကို နှိပ်စက်ထားတယ်။ ဦးခေါင်းမှာလည်း ဒဏ်ရာတွေနဲ့ မြင်လိုက်တယ်။ စစ်ကြောင်းနဲ့တွေ့လို့ ပြေးတဲ့ အမျိုးသားတစ်ဦးကိုလည်း သေနတ်နဲ့ ပစ်သေးတယ်” ဟု ၎င်းက ပြောဆိုသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း အထက်ပါဒေသခံက ဆိုသည်။

အဆိုပါစစ်ကြောင်းသည် ဒေါင်းရှောင်ကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာသွားပြီး ဖမ်းဆီးထားသည့် လူငယ်ကိုလည်း ခေါ်ဆောင်သွားကြောင်း ၎င်းက ပြောသည်။

စစ်ကြောင်းမှာ ယနေ့ ညနေပိုင်းအထိ ဒေါင်းရှောင်ကျေးရွာတွင် ရှိနေဆဲဖြစ်ပြီး စစ်ကြောင်း ဆက်ထိုးလာနိုင်သဖြင့် လောင်းလုံးမြို့နယ် မြောက်ပိုင်းကျေးရွာများရှိ ဒေသခံများ စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောဆိုသည်။

ဖမ်းဆီးခံရသည့် လူငယ်မှာ ဒေါင်းရှောင်ရွာသို့ စစ်ကြောင်းနှင့်အတူ ပါလာခြင်း ရှိ မရှိကိုမူ မသိရသေးပေ။

ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းသို့ ဇူလိူင်လ ၉ ရက်မှ ၁၈ ရက်အထိ ၁၀ ရက်တာ စစ်ကြောင်းထိုး ခဲ့သည့် စစ်အာဏာရှင်တပ်စစ်ကြောင်းထဲက စစ်အင်အင်အားအချို့ လောင်းလုံးမြို့နယ် မြောက်ပိုင်းသို့ ရောက်ရှိနေခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။