ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်အထူးစီးပွားရေးဇုန်ရှိ ဘဝါကမ်းခြေကို စစ်အာဏာရှင်တပ် စစ်ကြောင်းထိုး

July 22, 2026

ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသအတွင်းရှိ ဘဝါကမ်းခြေကို ယနေ့ ဇူလိုင်လ ၂၂ ရက် နံနက်ပိုင်းတွင် စစ်အာဏရှင်တပ် စစ်ကြောင်းထိုးရောက်ရှိလာကြောင်း ဒေသခံများက ပြောသည်။

အင်းအား နှစ်ရာဝန်းကျင်ရှိ စစ်အာဏာရှင်တပ် စစ်ကြောင်းတစ်ကြောင်းသည် ထားဝယ်ရေနက်ဆိပ်ကမ်းမှ ဇူလိုင်လ ၁၉ရက် နံနက်ပိုင်းတွင် ထွက်ခွာလာပြီး ဘဝါရွာသို့ ရောက်ရှိလာကြောင်း ၎င်းတို့က ဆိုသည်။

ဘဝါကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲနေထိုင်ပြီး ယနေ့ နံနက်စောစောတွင် အဆိုပါ စစ်ကြောင်းမှ စစ်အင်အား တစ်ရာခန့်သည် ဘဝါကမ်းခြေသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

ဘဝါကျေးရွာနှင့် ဘဝါကမ်းခြေတို့မှာ နှစ်မိုင်ခွဲခန့် ကွာဝေးသည်။

“အခု ဘဝါကြီး (ရွာ) ကနေ ကမ်းခြေဆင်းလာတယ်။ ဘုန်ကြီးကျောင်းမှာပဲ နေတယ်။ ရွာမှာကျန်ခဲ့တဲ့ သူတွေကို အစည်းအဝေးခေါ် တယ်။ ကိုယ်အိမ်မှာ ကိုယ်နေဖို့ ပြောတယ်။ ဆိုင်ကယ်တွေ ကားတွေလည်း ကိုယ့်အိမ်မှာကိုယ် ထားလို့ပြောတယ်။ တခြားမှာ ထားထားလို့ ပိုင်ရှင်မရှိဘူးဆိုရင် သူတို့ယူသွားမယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

စစ်ကြောင်းမှာ ဘဝါကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး ဒေသခံ ကားနှစ်စီးကို ချောဆွဲကာ အနီးဝန်းကျင် ကျေးရွာများသို့လည်း စစ်ကြောင်းထိုးသွားလာနေကြောင်း ဒေသခံများထံမှ သိရသည်။

ဘဝါကမ်းခြေတွင် တံငါလှေလုပ်ငန်းများရှိသည်။ အဆိုပါနေရာသို့ မည်သည့် အကြောင်းအရင်းကြောင့် စစ်ကြောင်းထိုးလာသည်ကိုမူ သေသေချာချာ မသိရသေးပေ။

စစ်အာဏာရှင်တပ် ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီးကျော်စွာလင်း၏ တနင်္သာရီတိုင်းခရီးစဉ်တွင် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း ဧရိယာကို နယ်မြေရှင်းလင်းမည်ဟု ပြောဆိုပြီးနောက် ဇူလိုင်လ ၉ ရက်ကစပြီး စစ်အင်အား ထောင်ဂဏန်းဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို စစ်ကြောင်းသုံးကြောင်း ထိုးနေသည်။

ဇူလိုင်လ ၉ ရက်မှ ၁၈ ရက်အထိ ၁၀ရက်တာအတွင်း ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ၊ ၀ဇွမ်းတော၊ ကုန်းသာယာအင်း၊ ရငဲ၊ ကညင်အင်း စသည့် ကျေးရွာတို့က ဒေသခံများကို လူသားဒိုင်းအသွင် ဖမ်းဆီးခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ နေအိမ်များကို ဖောက်ထွင်းပြီး ကား၊ ဆိုင်ကယ်နှင့် အိမ်သုံးပစ္စည်းများကို ယူဆောင်ခြင်းတို့ လုပ်ဆောင်နေသည်။

ယင်းသို့ ဖျက်ဆီးခြင်း၊ ယူဆောင်ခြင်းတို့ကြောင့် စစ်ကြောင်းပြန်ထွက်၍ ကျေးရွာအတွင်း ဒေသခံများ ပြန်လည်နေထိုင်ချိန် စားသောက်ရေး၊ နေထိုင်ရေးတို့အတွက် ခက်ခက်ခဲခဲ ရုန်းကန်ရမည်ဖြစ်ကြောင်း ခမောင်းချောင်းရွာသားတစ်ဦးက ဆိုသည်။

“အိမ်သုံးပစ္စည်းပရိဘောက ယူလို့ရတာ အကုန်ယူတယ်။ ယူလို့ မရတဲ့အရာ အကုန်ဖျက်ဆီးခဲ့တယ်။ တချို့ဆို အခုစစ်ကြောင်းထွက်လို့ ရွာ ထဲပြန်ဝင်နေချိန် စားဖို့ ဆန်တစ်စေ့တောင်မှ မကျန်ဘူး” ဟု ၎င်းက ပြောသည်။

စစ်ကြောင်းထိုးသဖြင့် တိမ်းရှောင်နေရသည့် ဒေသခံထောင်နှင့်ချီမှာ နေထိုင်စားသောက်ရေးအတွက် အကူအညီ လိုအပ်နေ သလို စစ်ကြောင်းပြန်ထွက်၍ ကျေးရွာအတွင်း ပြန်လည်နေထိုင်လျှင်လည်း အကူအညီလိုအပ်မည်ဖြစ်ကြောင်း စစ်ဘေးရှောင်ဒေသခံများက ပြောဆိုသည်။

စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ဒေသခံပြည်သူများနှင့် ကလေးသူငယ်များကို ကြားကာလပညာရေး၊ ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနေသည့် The Ants – Humanitarian Aid Team – Tanintharyi အဖွဲ့က အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်နှစ်ဦး၊ ဒေသခံတစ်ဦး စုစုပေါင်း အရပ်သားပြည်သူလေးဦးကိုလည်း သတ်ဖြတ်ခဲ့သည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ကျေးရွာအချို့တွင် စစ်ကြောင်းထိုးနေသလို တပ်ဖျောက်ကာ ပြောက်ကျားပုံစံဖြင့်လည်း သွားလာနေသဖြင့် သတိထားနေရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကြောင်းထိုးသည့် ကျေးရွာများတွင် ဖုန်းဆက်သွယ်ရေးလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေ၍ ဆက်သွယ်ရေးလည်း ခက်ခဲနေကြောင်း ဒေသခံများက ပြောဆိုသည်။