တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စု ဖာနီရွာနှင့် လေးမိုင်ရွာတို့ကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ်နှစ်စင်းဖြင့် ယနေ့ နံနက်တွင် ဗုံးကြဲကြောင်း ဒေသခံများက ပြောသည်။
ယနေ့ ဇွန်လ ၂၂ရက် နံနက် ၈နာရီ ၄၅မိနစ်နှင့် ၉နာရီတို့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။
“နှစ်ကြိမ်ရှိပြီ။ နှစ်စီးနဲ့ ဗုံးလာကြဲနေတယ်။ ထိခိုက်မှု မသိရသေးဘူး။ ပွိုင့်ဖိုက် (စက်သေနတ်) နဲ့ပါ ပစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ဇွန်လ ၂၁ရက် ညနေ ၅ နာရီ ၄၅မိနစ်မှ ၁၀နာရီအထိလည်း ဇဝဲကျေးရွာအခြေစိုက် စစ်အာဏာရှင်အမှတ် ၅၅၆ ခြေမြန် တပ်ရင်းက ဖာနီရွာနှင့် လေးမိုင်ရွာတို့ကို လက်နက်ကြီးကျည် ခုနစ်လုံး ပစ်ခတ်ခဲ့သေးကြောင်း ဒေသခံ အခြားတစ်ဦးက ဆိုသည်။
“ညကတည်းက လက်နက်ကြီးတွေ ထုနေလို့ ဒေသခံတွေ ပြောင်းနေကြတယ်။ အခုလည်း လေယာဥ်နဲ့နှစ်ကြိမ်ဖြစ်ပြီ ကြဲနေတာ။ ထပြေးလိုက်ရသေးတယ်။ ထိခိုက်မှုတွေက ဘာမှမသိရသေးဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။
ဧပြီလ ၂၄ရက်တွင်လည်း ၅၆၁ ခြေမြန်တပ်ရင်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်စထိမှန်၍ ဖာနီရွာရှိ ကလေးနှစ်ဦးဒဏ်ရာရခဲ့သေးသည်။







