ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထရမ့်ကို ငြိမ်းချမ်းရေးနိုဘယ်ဆုပေးရန် ပါကစ္စတန်ထောက်ခံ

June 22, 2025

ဓာတ်ပုံ - Michael Brochstein/ZUMA Press Wire/Shutterstock

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အဆိုပြုသွားမည်ဟု ပါကစ္စတန်အစိုးရက ဇွန်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

မကြာသေးခင်က အိန္ဒိယနှင့် ပါကစ္စတန်အကြား ပဋိပက္ခတွင် သမ္မတထရမ့်၏ ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် ယင်းသို့ ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း ပါကစ္စတန်အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထရမ့်ကလည်း ၎င်းအနေဖြင့် ငြိမ်းချမ်းရေးနိုဘယ်ဆုကို လိုချင်ကြောင်း ယခင်က ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

အမေရိကန်အနေဖြင့် အစ္စရေးနှင့် ပူးပေါင်း၍ အီရန်ရှိ အဏုမြူစက်ရုံများကို တိုက်ခိုက်သွားရန် စဉ်းစားနေကြောင်း သတင်းထွက်ပေါ်လာချိန် ပါကစ္စတန်ဘက်က ယင်းသို့ ထုတ်ပြန်လာခြင်း ဖြစ်သည်။

ပါကစ္စတန်အစိုးရ၏ ထုတ်ပြန်ချက်က ထရမ့်အနေဖြင့် အစ္စရေးဘက်မှနေ၍ အီရန်ရှိ အဏုမြူစက်ရုံများကို ဝင်မတိုက်ရန် ဆွဲဆောင်နိုင်ခြေရှိသည်ဟု ပါကစ္စတန်ရှိ လေ့လာသုံးသပ်သူများက ဆိုသည်။

သို့သော် ယနေ့နံနက်ပိုင်းတွင် အီရန်ရှိအဏုမြူစီမံကိန်း နေရာများကို အမေရိကန်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အစ္စရေး၏ အီရန်ကို တိုက်ခိုက်မှုသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာ ရောက်ပြီး ဒေသတွင်း တည်ငြိမ်မှုအပေါ် ခြိမ်းခြောက်မှုတစ်ခုဟု ပါကစ္စတန်အစိုးရက ကန့်ကွက်ရှုတ်ချထားသည်။

ယခုနှစ် မေလတွင် အိန္ဒိယနှင့် ပါကစ္စတန်အကြား ၄ ရက်ကြာ စစ်ရေးပဋိပက္ခသည် အပစ်ရပ်စဲကြောင်း ထရမ့်၏ ရုတ်တရက် ကြေညာမှုနှင့်အတူ အဆုံးသတ်သွားခဲ့သည်။

ယင်းအချိန်မှစ၍ ထရမ့်က ၎င်းသည် အဏုမြူစစ်ပွဲတစ်ပွဲကို ရှောင်လွှဲပစ်နိုင်ခဲ့ကြောင်း၊ လူသန်းပေါင်းများစွာ၏ အသက်ကို ကယ်တင်နိုင်ခဲ့ကြောင်း ထပ်တလဲလဲ ပြောဆိုခဲ့သည်။ ယင်းအတွက် ၎င်းအား အသိအမှတ်ပြု ချီးကျူးခြင်းခံရခြင်း မရှိဟု ထရမ့်က ဆိုသည်။

အဆိုပါ ၄ ရက်ကြာ ပဋိပက္ခကို အမေရိကန်၏ သံတမန်ရေးအရ ကြားဝင်ဆောင်ရွက်ပေးမှုက အဆုံးသတ်စေခဲ့သည်ဟု ပါကစ္စတန်ဘက်က ဆိုသည်။

ယင်းမှာ နှစ်နိုင်ငံစစ်တပ်အကြား ဆွေးနွေးသဘောတူညီချက်သာ ဖြစ်သည်ဟု အိန္ဒိယဘက်က ဆိုသည်။

“ပါကစ္စတန်နဲ့ အိန္ဒိယနှစ်နိုင်ငံစလုံးကို သံတမန်ရေးအရ ထိတွေ့ဆောင်ရွက်ပြီးတော့ သမ္မတထရမ့်ဟာ လျှင်လျှင်မြန်မြန် ဆိုးရွားလာနေတဲ့ အခြေအနေကို အရှိန်လျှော့ချပေးနိုင်ခဲ့တယ်။ ဒါက သမ္မတထရမ့်ရဲ့ မဟာဗျူဟာကျကျ အမြော်အမြင်နဲ့ ကောင်းမွန်တဲ့ ခေါင်းဆောင်မှုစွမ်းရည်ကို ပြသနေပါတယ်” ဟု ပါကစ္စတန်အစိုးရက ထုတ်ပြန်ထားသည်။

“ဒီကြားဝင်ဆောင်ရွက်မှုက သမ္မတထရမ့်ဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖန်တီးသူတစ်ယောက်ဆိုတာကို ပြသနေပါတယ်” ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပါကစ္စတန်၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ အိမ်ဖြူတော်က တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးပေ။

Source: Reuters