ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်စစ်ကြောင်းက စစ်ဘေးရှောင်ကူညီနေသည့်လူငယ်သုံးဦးနှင့် ဒေသခံတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်

July 21, 2026

ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေဇုန် ရေနက်ဆိပ်ကမ်းဧရိယာတွင် စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်သည် ကြားကာလ ပညာရေး၊ စစ်ဘေးရှောင်အရေးများကို လုပ်ဆောင်နေသည့် လူငယ်သုံးဦးနှင့် ဒေသခံအမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အာဏာရှင်တပ်သည် ဇူလိုင်လ ၉ ရက်တွင် ဝက်ချောင်းရွာအနီးတွင် ခရီးသည်ကားခြောက်စီး၏ ကားသမားနှင့် အမျိုးသားခရီးသည်များကို ဖမ်းဆီးထားခြင်းဖြစ်သည်။

ခရီးသည်များအနက် သတ်ဖြတ်ခံထာရသော လူငယ်သုံးဦး၏ ရုပ်အလောင်းကို ယမန်နေ့ ဇူလိုင်လ ၂ဝ ရက်တွင် ပြန်တွေ့ကြောင်း ဒေသခံများက ပြောသည်။

ရေဖြူမြို့နယ် ဧကနိရွာနှင့် ဝဇွမ်းတောရွာကြားရှိ ဆီအုန်းတောအတွင်း ရုပ်အလောင်းများပြန်တွေ့ရကြောင်း ဆိုသည်။

ရုပ်အလောင်းများတွင် ထိုးသွင်းဒဏ်ရာများ တွေ့ရပြီး ပြီးခဲ့သည့် ရက်သတ္တပတ်ကျော်ကတည်းက သတ်ဖြတ်ခံထား ရနိုင်ဖွယ်ရှိကြောင်း သေဆုံးသူ လူငယ်များ၏ မိတ်ဆွေတစ်ဦးက ပြောဆိုသည်။

“ရုပ်အလောင်းတွေက ရုပ်အတည်ပြုလို့ မရတော့ဘူး။ အဝတ်အစားနဲ့ပဲ အတည်ပြုထားရတယ်။ ဖမ်းပြီး ရက်ပိုင်းကတည်းက သတ်ထားတယ်လို့ ယူဆရတယ်” ဟု ၎င်းက ပြောသည်။

Dawei Watch က တွေ့ရှိရသည့် ဓာတ်ပုံမှတ်တမ်းများတွင် တောစပ်၌ ပက်လက်အနေအထားဖြင့် လဲနေသည့် အမျိုးသားအလောင်း သုံးလောင်းကို တွေ့ရသည်။

သတ်ဖြတ်ခံရသည့် လူငယ်သုံးဦးမှာ ထားဝယ်ခရိုင်အတွင်း လူသားချင်းစာနာထောက်ထားရေးနှင့် အသိပညာပေးရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် “The Ants-Tanintharyi” အဖွဲ့မှ အဖွဲ့ဝင် အသက် ၂၀ ဝန်းကျင် လူငယ်များ ဖြစ်ကြောင်း စစ်ဘေးရှောင်အရေးဆောင်ရွက်နေသည့် ထားဝယ်ဒေသခံများထံမှ သိရသည်။

ယင်းလူငယ်သုံးဦး၏ ရုပ်အလောင်းများကို ဇူလိုင်လ ၂၀ ရက်၌ မီးသင်္ဂြိုဟ်ခဲ့သည်။

၎င်းတို့သုံးဦးနှင့်အတူ ဖမ်းဆီးခဲ့ရသည့် ဒေသခံအများစုသည် ပြန်လွတ်လာကြောင်း ဒေသခံများထံမှ သိရသည် ။

လူငယ်သုံးဦး၏ ရုပ်အလောင်းပြန်တွေ့သည့် နေရာဝန်းကျင်၌ ကွမ်းသီးရွက်ခြောက်များဖြင့် ဖုံးထားခဲ့သည့် စစ်အာဏာရှင် တပ်က သတ်ဖြတ်ခဲ့သော ရွာသားတစ်ဦး၏ ရုပ်အလောင်းကိုလည်း ဇူလိုင်လ ၂၀ ရက်တွင်ပင် ထပ်မံတွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းရွာသား၏ အသေးစိတ်အချက်အလက်ကိုမူ အတည်ပြုနေဆဲဖြစ်သည်။

ရေနက်ဆိပ်ကမ်းဧရိယာကို စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်သည် ထားဝယ်မြစ် အနောက်ဘက်ကမ်းရှိ ကျေးရွာများတွင် ဆက်ရှိနေဆဲဖြစ်ပြီး ကျေးရွာ ခုနစ်ရွာထက်မနည်းက ဒေသခံများတိမ်းရှောင်နေရကြောင်း ဒေသခံများ နှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

“ထိတွေ့ပစ်ခတ်မှုတွေတော့ မရှိခဲ့ဘူး။ အထဲ (ရေနက်ဆိပ်ကမ်း) ဝင်တဲ့ (စစ်အာဏာရှင်တပ်) စစ်ကြောင်းမှာတော့ အင်အား ထောင်ကျော်တယ်။ အပြင်က ပတ်ဝိုင်းထားတာလည်း ရှိသေးတယ်။ တချို့ ပြန်တဲ့စစ်ကြောင်းကတော့ ပြန်ပြီး တချို့ကျန်သေးတယ်။ မနေ့ကတော့ ဝက်ချောင်းရွာဘက် ပြန်ဝင်နေတယ်” ဟု ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် ၁ တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထားဝယ်အထူးစီးပွားရေဇုန် ဧရိယာတွင် စစ်ကြောင်းထိုးခဲ့သည့် စစ်အာဏာရှင်တပ်သည် စီးပွားရေးဇုန်ဧရိယာအတွင်းရှိ ရငဲ၊ ဝဇွမ်းတောနှင့် ဧကနိရွာသုံးရွာတွင် နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးသည်။