ယခု ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားကောင်းသည့် စူပါအယ်လ်နီညို ရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဌာနများနှင့် မိုးလေဝသ လေ့လာသုံးသပ်သူများက ပြောသည်။
အင်အားအနည်းငယ်ရှိသော အယ်လ်နီညို အခြေအနေသို့ ယခုလာမည့် ဇွန်လတွင် ရောက်ရှိနိုင်ပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်လ်နီညို အခြေအနေသို့ ရောက်ရှိနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။
အယ်လ်နီညိုဖြစ်စဉ်၏ အကျိုးသက်ရောက်မှုအဖြစ် နေ့အပူချိန်များ မြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုနှင့် မိုးရွာသွန်းမှုများ မူမမှန်ခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်။
အယ်လ်နီညို ပြင်းအားသည် အလွန်အားကောင်းသည့် အဆင့်သို့ ရောက်ရှိရန် ၆၇ ရာခိုင်နှုန်းရှိပြီး အဆင့်မြင့်ဆုံးဖြစ်သည့် “စူပါအယ်လ်နီညို” (Super El Niño) အဆင့်အထိ ဖြစ်ပေါ်လာနိုင်ခြေမှာလည်း ၃၃ ရာခိုင်နှုန်းခန့်အထိ ဖြစ်နိုင်ခြေ မြင့်တက်လာပြီ ဖြစ်ကြောင်း နိုင်ငံတကာ မိုးလေဝသဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Windy.com ကို ကိုးကား၍ မိုးလေဝသလေ့လာသုံးသပ်သူ ဦးဝင်းနိုင်က ခန့်မှန်းဖော်ပြသည်။
အယ်လ်နီညိုဖြစ်စဉ်သည် မြန်မာ့မုတ်သုံရာသီကို အားပျော့စေလေ့ရှိသဖြင့် ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများတွင် မိုးရွာသွန်းမှု ပျမ်းမျှထက် လျော့နည်းခြင်း၊ မိုးရွာရက် အဆက်ပြတ်ခြင်း၊ မိုးခေါင်ရေရှားခြင်းနှင့် အပူချိန်မြင့်မားခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်ဟု ဦးဝင်းနိုင်က ခန့်မှန်းထားသည်။
ယင်းကြောင့် မိုးစပါးနှင့် မိုးသီးနှံစိုက်ပျိုးမည့် လယ်သမားများအနေဖြင့် ရေရရှိမှုအခြေအနေကို သေချာစွာ တွက်ချက်ပြင်ဆင်ထားရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်းထားသည်။
အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့် လေထုဖြစ်စဉ်များကြောင့် အယ်လ်နီညိုဖြစ်စဉ် ဖြစ်ပေါ်ရကြောင်း မိုးဇလက ဆိုသည်။
တနင်္သာရီတိုင်းသည် မြန်မာနိုင်ငံရှိ အခြားဒေသများနှင့် နှိုင်းယှဉ်ပါက အီကွေတာနှင့် ပိုမိုနီးကပ်သဖြင့် ၂၀၂၄ ခုနှစ် အယ်လ်နီညိုဖြစ်စဉ်တွင် အပူချိန်ပိုမိုများပြားခဲ့ပြီး တနင်္သာရီတိုင်းအတွင်းရှိ ခရိုင်သုံးခုစလုံး၌ အပူချိန်စံချိန်သစ်များ တင်ခဲ့ကာ ဒေသအချို့တွင် ရေရှားပါးမှုဒဏ်ကိုလည်း ကြုံတွေ့ခဲ့ရသည်။
အယ်လ်နီညိုဖြစ်စဉ်နှင့် ပတ်သက်၍ ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်နိုင်ကြပါရန်နှင့် အယ်လ်နီညိုဖြစ်ပေါ်မှု အခြေအနေများနှင့် ပတ်သက်သည့် မိုးဇလဌာန၏ ထုတ်ပြန်ချက်များကို စောင့်ကြည့်ပြင်ဆင်သင့်ကြောင်း မိုးလေဝသလေ့လာသုံးသပ်သူများနှင့် စိုက်ပျိုးရေးပညာရှင်များက တိုက်တွန်းထားသည်။







