ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသတွင် စက်ရုံအတွင်း မီးလောင်မှုဖြစ်ပွားရာမှ မြန်မာအလုပ်သမားတစ်ဦး သိမ်းဆည်းထားသော ရွှေဆွဲကြိုးနှင့် ငွေသားများ မီးထဲပါသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
စမွတ်စခွန်ခရိုင်၊ ကထူးဘန်ဒေသတွင် ယနေ့ နံနက် ၁၀ နာရီခန့်က အလူမီနီယံထုတ်လုပ်သည့် စက်ရုံအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
စက်ရုံအတွင်း မီးလောင်မှုကို မီးသတ်ယာဉ် ၁၀ စီးဖြင့် ငြိမ်းသတ်ခဲ့ရပြီး စက်ရုံခေါင်မိုးနှင့် ပစ္စည်းများ ပြိုကျကာ ထိခိုက်ပျက်စီးသွားခဲ့သည်။
မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သတင်းများအရ သိရသည်။




မီးငြိမ်းသတ်ပြီးနောက် မြန်မာအလုပ်သမား ခေါင်းဆောင်တစ်ဦးက စက်ရုံအတွင်း သိမ်းဆည်းထားသော တန်ဖိုးရှိ ပစ္စည်းများကို ရှာဖွေပေးရန် တောင်းဆိုခဲ့သဖြင့် ကူညီရှာဖွေပေးခဲ့ကြသည်။
၎င်း၏ အိတ်ထဲတွင် ငွေသား ဘတ် ၂ သိန်းနှင့် (ဘတ် ၇ သိန်းခန့် တန်ဖိုးရှိ) ၁၀ ဘတ်သား အလေးချိန်ရှိ ရွှေဆွဲကြိုးကို စားပွဲခုံအတွင်း သိမ်းဆည်းထားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ မြန်မာအလုပ်သမားက ဆိုသည်။
သို့သော်လည်း မီးလောင်ကျွမ်းသွားမှုကြောင့် ငွေသားနှင့် ရွှေများအားလုံး ရှာမတွေ့ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
လက်ရှိတွင် မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းအရင်းကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။
Ref: Khaosod, Thaipost, Thairath







