ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီတိုင်းမှ စစ်မှုထမ်းစုဆောင်းခံရသူ ၅၀၀ ကျော်ကို ရေကြောင်းဖြင့် ရန်ကုန်၊ ဧရာဝတီ၊ မွန်နှင့် ရခိုင်သို့ ပို့ဆောင်

April 20, 2026

ပုံစာ - ပလောက်မြို့ ၊ အမှတ်(၁၂)တပ်မတော်တန်းမြှင့်လေ့ကျင်းရေးကျောင်းတွင် ပြုလုပ်သည့် စစ်မှုထမ်းသင်တန်း အမှတ်စဥ်(၂၁)သင်တန်းဆင်းပွဲ။

တနင်္သာရီတိုင်းမှ စစ်မှုထမ်းသင်တန်းဆင်းလာသည့် စစ်မှုထမ်းအဓမ္မစုဆောင်းခံရသူ ၅၀၀ ကျော်ကို မြန်မာနှစ်ဆန်းတစ်ရက်နေ့ (ဧပြီလ ၁၇ ရက်) ကစ၍ စစ်သင်္ဘောဖြင့် ရေကြောင်းအတိုင်း ရန်ကုန်၊ ဧရာဝတီ၊ မွန်နှင့် ရခိုင်ဒေသများသို့ ပို့ဆောင်ခဲ့ကြောင်း ကာယကံရှင် မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါသင်္ဘောမှာ ဧပြီလ ၁၇ ရက်တွင် မြိတ်မြို့မှ စတင်ထွက်ခွာလာခဲ့ပြီး မော်လမြိုင်မြို့တွင် တစ်ရက်နားကာ ဧပြီလ ၁၉ ရက်တွင် ရန်ကုန်သို့ ရောက်ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“အပတ်စဉ် ၂၁ သင်တန်းဆင်းပြီးတဲ့သူတွေကို သင်္ကြန်အပြီးမှ ပို့တယ်။ အားလုံးလူငါးရာကျော်ပါတယ်။ အပတ်စဉ် ၂၁ သက်သက်မဟုတ်ဘူး။ တစ်ရာကျော်က မော်လမြိုင်မှာထားခဲ့ပြီး မွန်နဲ့ရခိုင်မှာတာဝန်ကျမယ်။ ရန်ကုန်ဆက်သွားသူတွေထဲမှာတော့ ရန်ကုန်နဲ့ဧရာဝတီမှာ တာဝန်ကျမယ်” ဟု စစ်မှုထမ်းစုဆောင်းခံရသူ မိသားစုဝင်တစ်ဦး၏ ပြောပြချက်ကို ကိုးကား၍ နီးစပ်သူတစ်ဦးက ပြောသည်။

ရန်ကုန်သို့ ရေကြောင်းဖြင့် ပို့ဆောင်နေစဉ် စစ်မှုထမ်းတစ်ဦး ကျန်းမာရေးမကောင်းသဖြင့် သေဆုံးခဲ့သေးကြောင်း စုံစမ်းသိရှိရသည်။

ယင်းအခြေအနေနှင့် ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (တနင်္သာရီတိုင်းဒေသကြီး)ကို ဖုန်းဆက်မေးမြန်းရာတွင် နောက်မှပြန်ဆက်သွယ်ရန်သာ ဖြေကြားပြီး ယခုကိစ္စကို ဖြေဆိုခြင်းမရှိပေ။

တနင်္သာရီတိုင်းတွင် စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂၁ ကို ပလောက်မြို့ရှိ အမှတ် (၁၂) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းနှင့် ကျွန်းစုမြို့နယ်ရှိ အမှတ် (၅၇) ရေတပ်လေ့ကျင့်ရေးတပ်တို့တွင် ပြိုင်တူဖွင့်လှစ်ခဲ့ကြောင်း စစ်အုပ်စု၏ ထုတ်ပြန်သည့် သတင်းများအရ သိရသည်။ ယခင်က အပတ်စဉ်တစ်ခုလျှင် သင်တန်းသားများကို သင်တန်းကျောင်း တစ်ခုစီတွင်သာ ခွဲ၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်မှုထမ်းအပတ်စဉ် ၂၁ တွင် တနင်္သာရီတိုင်းမှ အထက်ပါ သင်တန်းနှစ်ခု၌ သင်တန်းသား ၄၀၀ ခန့် သင်တန်းဆင်းခဲ့ကြောင်း စစ်အုပ်စုမှ ထုတ်ပြန်သည့် သတင်းဓာတ်ပုံများတွင် တွေ့ရသည်။

ယခင်ကလည်း တနင်္သာရီတိုင်းမှ စစ်မှုထမ်းသင်တန်းဆင်းများကို မွန်၊ ကရင် ရှေ့တန်းစစ်မျက်နှာအပြင် အာရက္ခတပ်တော် (AA) နှင့် ရင်ဆိုင်နေရသည့် ရခိုင်နှင့် ဧရာဝတီ စစ်မျက်နှာများသို့ ပို့ဆောင်ခဲ့ပြီး အစုလိုက်အပြုံလိုက် သေဆုံးမှုများ ရှိခဲ့ကြောင်း ကာယကံရှင် မိသားစုများနှင့် နီးစပ်သူများထံမှ သိရသည်။