ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆယ်ကျော်သက် ထိုင်းလူငယ်များကို ရိုက်နှက်သည်ဟုဆိုကာ မြန်မာလူငယ်အုပ်စုကို ရှာဖွေ

May 18, 2026

ပုံ - ရဲတပ်ဖွဲ့နှင့် မျိုးချစ်အဖွဲ့က မြန်မာလူငယ်များကို လိုက်လံရှာနေစဉ်

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပတ္တယားတွင် ဆယ်ကျော်သက် ထိုင်းနိုင်ငံသား လူငယ်များကို ရိုက်နှက်ခဲ့သည်ဟုဆိုကာ မြန်မာလူငယ်အဖွဲ့ကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေစုံစမ်းနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ချွန်ဘူရီခရိုင် ဘန်းလမောင်းဒေသက လမ်းပေါ်တွင် အသက် ၁၅ နှစ်အရွယ် ထိုင်းလူငယ်သုံးဦးကို မြန်မာလူငယ် ၁၀ဦးခန့်ပါသည့် အုပ်စုက ရိုက်နှက်ခဲ့ကြောင်း ဖော်ပြသည်။

မေလ ၁၆ ရက်ညက ထိုင်းလူငယ်သုံးဦး ဆိုင်ကယ်စီးလာစဉ် မြန်မာလူငယ်အဖွဲ့က နောက်ကလိုက်လာပြီး ၎င်းတို့၏ ဆိုင်ကယ်ကို ရပ်ခိုင်းခဲ့ကြောင်း ထိုင်းလူငယ်က ရဲစခန်းတွင် ထွက်ဆိုသည်ဟု ဖော်ပြသည်။

မြန်မာလူငယ်အဖွဲ့က ၎င်းတို့ကို စိုက်ကြည့်သည်ဟုဆိုကာ ထိုင်းလူငယ်သုံးဦးအနက် တစ်ဦးကို ဆိုင်ကယ်ပေါ်မှ ဆွဲချပြီး ထိုးကြိတ်ကန်ကျောက်ကာ ရိုက်နှက်ခဲ့ကြောင်း ဆိုသည်။

ဆိုင်ကယ်ကိုလည်း ရိုက်ခဲ့ပြီး ဖိနပ်ကိုလည်း ဆွဲချွတ်လုယူကာ လူကို တံတွေးဖြင့် ထွေးခဲ့ပြီးနောက် ဆိုင်ကယ်စီး၍ ထွက်ပြေးသွားခဲ့ကြောင်း ထွက်ဆိုထားသည်ဟု ဖော်ပြသည်။

ယင်းနောက် ဘန်းလမောင်းရဲစခန်းတွင် မြန်မာလူငယ်အုပ်စု ဓါတ်ပုံကို ထုတ်ပြ၍ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ဆိုသည်။

ရိုက်နှက်ခံရမှုကြောင့် ထိုင်းလူငယ်၏ မျက်နှာတွင် ဒဏ်ရာများ ရရှိခဲ့ပြီး ခေါင်းကိုက်သည့် ဒဏ်ကို အပြင်းအထန် ခံစားနေရကြောင်း ဆိုသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများမှတစ်ဆင့် မြန်မာလူငယ်အုပ်စုကို ခြေရာခံလိုက်လံ စုံစမ်းခဲ့ရာ ဓါတ်ပုံထဲ ပါဝင်သော မြန်မာနှစ်ဦးကို တွေ့ရှိခဲ့သော်လည်း အခင်းဖြစ်သောအချိန်တွင် မပါဝင်ခဲ့ဟု ထိုင်းလူငယ်က အတည်ပြုပေးခဲ့ကြောင်း ဖော်ပြသည်။

အနိုင်ကျင့်ခံရမှုကို ထိုင်းလူငယ်၏ မိသားစုဝင်က အွန်လိုင်းပေါ်တွင် ပြန်လည်မျှဝေခဲ့ရာမှ ပျံ့နှံ့မှုအားကောင်းကာ လူသိများလာပြီး ပတ္တယားတွင် နေထိုင်သော မြန်မာနိုင်ငံသားများကို လိုက်လံစစ်ဆေးရန် ပြည်သူများက တိုက်တွန်းနေကြောင်း သတင်းတွင် ဖော်ပြသည်။

ယနေ့ မေလ ၁၈ ရက်နေ့ နံနက်က နှုတ်ခမ်းမွှေးအဖွဲ့ဟု လူသိများသော ထိုင်းမျိုးချစ်အဖွဲ့ကလည်း အနိုင်ကျင့်ခံရသော ထိုင်းလူငယ်ထံ သွားရောက်မေးမြန်းခဲ့ပြီး မြန်မာလူငယ်များကို လိုက်လံရှာဖွေနေသည်။

Ref: Khaosod, Workpoint 23, Naewna

No related posts found.