ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းဆုန်ကရန် အားလပ်ရက်တွင် မြန်မာလုပ်သားခြောက်ရာကျော် ရုတ်တရက် အလုပ်ရပ်နားခံရ

April 17, 2026

ထိုင်းနိုင်ငံ ပါကျင်ဘူရီခရိုင် အဲယားကွန်းစက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ခြောက်ရာကျော်သည် ဆုန်ကရန်အားလပ်ရက်တွင် ရုတ်တရက် ရပ်နားခံလိုက်ရကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။

ပါကျင်ဘူရီခရိုင် ကဘင်ဘူရီဒေသရှိ အဲယားကွန်းထုတ်လုပ်သော စက်ရုံက မြန်မာအလုပ်သမား ၆၂၂ ဦးကို ဧပြီလ ၁၆ ရက်မှစ၍ အလုပ်လာရန် မလိုတော့ဟု စက်ရုံဘက်က အကြောင်းကြားခဲ့ကြောင်း ဆိုသည်။

အလုပ်သမားများကလည်း အလုပ်ထုတ်ခံရခြင်း သို့မဟုတ် ယာယီရပ်နားခံရခြင်း ဟုတ်မဟုတ် သိရှိနိုင်ရန် စက်ရုံရှေ့သို့ စုပေါင်း၍ သွားရောက်မေးမြန်းခဲ့သော်လည်း အဖြေမရခဲ့သဖြင့် ကူညီဆောင်ရွက်ပေးရန် WAG အဖွဲ့ထံ လာရောက်တိုင်ကြားကြောင်း WAG ၏ တာဝန်ခံ ကိုမုန်တိုင်းက ပြောသည်။

“အလုပ်သမားတွေက အလုပ်ထုတ်ခံရတာ သေချာသွားပြီပေါ့နော်။ စက်ရုံပိုင်ရှင်က တရုတ်သူဌေး။ စက်ရုံမှာ မရှိသေးတော့ ညှိနှိုင်းလို့ မရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။

စက်ရုံရှိ အလုပ်သမားများသည် လုပ်သက် ၂ လမှ ၁ နှစ်ကြားရှိသူများဖြစ်ပြီး အလုပ်စတင်ဝင်ရောက်စဉ်က အေဂျင်စီများကို အလုပ်စမတ်ကြေး (အလုပ်လျှောက်ထားခ) ဘတ် ၇၅၀၀ အထိ ပေးချေပြီး ဝင်ရောက်ထားသူများဖြစ်ကြောင်း ကိုမုန်တိုင်းက ပြောသည်။

အလုပ်ရပ်နားခံရစဉ် ကျန်ရှိသော လုပ်အားခများလည်း မရသေးသလို အလုပ်ရပ်နားခံရသဖြင့် ဥပဒေအရ နစ်နာကြေးလည်း ရရှိခြင်း မရှိသေးကြောင်း WAG အဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် အလုပ်သမားများ အလုပ်ရပ်နားခံရခြင်းနှင့် ပတ်သက်၍ ဥပဒေအတိုင်း ဆောင်ရွက်နိုင်ရန် အလုပ်သမားရုံးများသို့ တိုင်ကြားထားပြီးဖြစ်ပြီး အမှုကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။