ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြန်မာ့ကမ်းလွန်တွင် ရိုဟင်ဂျာဒုက္ခသည် စက်လှေနှစ်စီး နစ်မြုပ်ခဲ့ဖွယ်ရှိဟု ကုလ ပြော

July 16, 2026

မကြာသေးမီ ရက်ပိုင်းအတွင်း လူဦးရေ ၅၀၀ ကျော် တင်ဆောင်လာသည့် စက်လှေနှစ်စီး မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့ဖွယ်ရှိကြောင်း ကုလသမဂ္ဂတာဝန်ရှိသူများက ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့တွင် ပြောကြားလိုက်သည်။

စစ်ဘေးဒဏ်သင့်နေသည့် မြန်မာနိုင်ငံမှ ဒုက္ခသည်များ ဘေးကင်းလုံခြုံမှုနှင့် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများ ရရှိရန် အန္တရာယ်များလှသည့် ပင်လယ်ရေကြောင်းသွားလာမှုများ ရှိနေစဥ် ကုလသမဂ္ဂတာဝန်ရှိသူများ၏ အဆိုပါ ထုတ်ပြန်ချက် ထွက်ပေါ်လာသည်။

“ဇွန်လနှောင်းပိုင်းမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ စက်လှေနှစ်စီး ထွက်ခွာလာခဲ့ပြီး ရိုဟင်ဂျာခရီးသည်အများစု လိုက်ပါလာတယ်လို့ ကနဦး သိရှိထားပါတယ်။ အဲဒီအထဲ အချို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားက ဒုက္ခသည်စခန်းတွေကနေ ထွက်လာသူတွေ ဖြစ်တယ်” ဟု အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှုရေးရာအဖွဲ့နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့က ပူးတွဲထုတ်ပြန်ထားသည်။

စက်လှေနှစ်စီးပေါ် ပါလာသည့် လူဦးရေ ၅၀၀ ကျော်မှာ သေဆုံးသွားနိုင်သည့် အခြေအနေအပေါ် စိုးရိမ်ကြောင်းလည်း ဖော်ပြထားသည်။

ယင်းဖြစ်စဉ်များနှင့် ထိခိုက်သေဆုံးမှု အရေအတွက်များကို တရားဝင် အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း အသက်ပေါင်းများစွာ ဆုံးရှုံးပျက်စီးသွားနိုင်ခြေရှိသည့် အခြေအနေအပေါ် အထူးစိုးရိမ်ကြောင်းလည်း ဖော်ပြထားသည်။

ပထမစက်လှေသည် လူဦးရေ ၂၅၀ ခန့် တင်ဆောင်ကာ ထွက်ခွာပြီးမကြာမီ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး၊ လူဦးရေ ၂၈၀ ခန့် လိုက်ပါလာသည့် ဒုတိယစက်လှေမှာမူ ဇူလိုင်လ ၈ ရက်နေ့တွင် မြန်မာနိုင်ငံ ဧရာဝတီကမ်းလွန်ပင်လယ်ပြင်တွင် နစ်မြုပ်သွားခဲ့သည်ဟု ယူဆရကြောင်း ကုလသမဂ္ဂတာဝန်ရှိသူများက ဆိုသည်။

ယခုနှစ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် ရိုဟင်ဂျာဒုက္ခသည်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ အပါအဝင် လူဦးရေ ၃၀၀ နီးပါး ပျောက်ဆုံး သို့မဟုတ် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

Source: Reuters