ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကျွန်မ ၁၂ နှစ်၊ ကျည်မိုးစွေချိန်နဲ့ ၈၈ ကောက်ကြောင်း

August 15, 2026

အမျိုးသားအဆင့် လူထုလှုပ်ရှားမှုကြီးဖြစ်တဲ့ ရှစ်လေးလုံး အရေးအခင်း ပေါ်ပေါက်ခဲ့တာ ၂၀၂၆ ဩဂုတ် ၈ ရက်မှာ ၃၈ နှစ်ပြည့်‌ခဲ့ပြီးပါပြီ။

၁၉၈၇ ခုနှစ်က ငွေစက္ကူအချို့ကို ရုတ်တရက်ဖျက်သိမ်းလိုက်တဲ့အတွက် ကြုံတွေ့လာရတဲ့ စီးပွားရေး အကျပ်အတည်းကစ နိုင်ငံရေးလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီအတွက် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တောရောမြို့ပါ တစ်တိုင်းပြည်လုံး တိုက်ပွဲဝင်ခဲ့ကြတဲ့ ဒီတော်လှန်ရေးမှာ ကိုယ်တိုင်ပါဝင်ဖြစ်ခဲ့တာတွေနဲ့ ကျွန်မတို့မြို့လေးရဲ့ ရှစ်လေးလုံးအစပြုရာ အဖြစ်အပျက် မြင်ကွင်းတွေက ကွက်ကွက်ကွင်းကွင်းထင်နေဆဲပါ။

၁၉၈၈ ခုနှစ်မှာ ကျွန်မက ၁၂ နှစ်အရွယ် ၇ တန်းတက်‌နေတာပါ။ ၁၉၈၈ ခုနှစ် ဩဂုတ် ၇ နေ့မှာကျွန်မတို့အတန်းတွင်းက နှံ့စပ်တဲ့အတန်းဖော် အချို့က “မနက်ဖြန်ကျောင်းလာကြမှာလား” “အခု လှုပ်လှုပ် လှုပ်လှုပ် ဖြစ်နေတယ်” “ဆန္ဒပြကြမယ်လို့ကြားတယ်” … စတဲ့စကားသံတွေ တိုးတိုးတိုးတိုးပြောနေကြတာ ကြားရတယ်။

နေ့လယ် ၁၂ နာရီထမင်းစားကျောင်းဆင်းတဲ့အခါ အိမ်ပြန်ထမင်းစားရင်း ကျွန်မ အ‌ဖေ့ကို ကျောင်းမှာကြားခဲ့ရတဲ့အကြောင်းတွေ ပြောပြဖြစ်တယ်။ “တိုင်းပြည်ကချွတ်ခြုံကျနေပြီ ငါ့သမီး ဖြစ်မှာပဲ”လို့ ကျွန်မအဖေက မထူးဆန်းသလိုပြောပါတယ်။ “မနက်ဖြန်ကျောင်းသွားရင် ဂရုစိုက်ကြ၊ တစ်ခုခုဆို အိမ်ပြန်ပြေးခဲ့” လို့ ကျွန်မတို့မောင်နှမတွေကို တစ်ဆက်တည်း မှာတယ်။

ဩဂုတ် ၈ ရက်နေ့ မနက်မှာတော့ ဘာတွေဖြစ်လာမလဲဆိုတဲ့အတွေးနဲ့အတူ ကျောင်းကို ကျွန်မရောက်သွားတယ်။ အဲဒီအချိန်ကတည်းကနေ ခုချိန်ထိကျွန်မတို့‌ကျောင်းရဲ့ ကျောင်းဝင်းနဲ့ ကျောင်းဆောင်အနေအထားအရ ကျောင်းမှာ မူလတန်းကို လက်ခံဖွင့်ထားခြင်းမရှိပါ။ ထက်၊ လယ် ကျောင်းသားပေါင်း ၃၀၀၀ ကျော်ရှိတဲ့ ကျွန်မတို့ကျောင်းမှာ တခြားအတန်းတွေက ဘယ်လိုနေတယ်မသိပေမဲ့ ကျွန်မတို့အတန်းမှာတော့ အချင်းချင်းတီးတိုးပြောဆိုနေကြရင်း အခြေအနေကိုစောင့်ကြည့်အကဲခတ်နေကြတယ်။ ဆရာ၊ ဆရာမတွေဟာ ၈ နာရီ ၄၅ မိနစ် ပထမ‌ခေါင်းလောင်းတီးပြီးတာနဲ့ သစ်သားချောင်းတွေနဲ့ပြုလုပ်ထားတဲ့ ကျောင်းဝင်းတံခါး သုံးခုကို သော့‌တွေခတ်ပိတ်လိုက်ကြပြီ။ ပြီးတော့ ဝင်းတံခါးတွေနားကမခွာကြဘဲ ဟိုသည်သွားရင်း သေချာစောင့်ကြည့်နေကြတယ်။

မနက် ၉ နာရီကျောင်းတက်လို့ အတန်းပိုင်ဆရာက နာမည်ခေါ်လူစစ်နေချိန်မှာပဲ ကျောင်းရှေ့က အသံဆူဆူတွေ စကြားလာရတယ်။ ပြတင်းပေါက်ကနေ လမ်းဘက်ကို နောက်ပြန်မျှော်ကြည့်မိတဲ့အခါမှာတော့ လူတချို့စုဝေးနေတာတွေ့ရပြီး ကြည့်နေရင်း လူတွေတဖြည်းဖြည်း ပိုများလာတယ်။

အတန်းပိုင်ဆရာလည်း အပြင်ကိုထွက်သွားတာကြောင့် ကျွန်မတို့အတန်းသားတွေလဲ အခန်းရှေ့ဝရံတာကို ထွက် ကြည့်ကြတယ်။ တခြားအတန်းတွေက ကျောင်းသားကျောင်းသူတွေလဲ အချို့က ဝရံတာမှာ အချို့က အခန်းတံခါးနဲ့ ပြ တင်းပေါက်တွေမှာရပ်ရင်း လမ်းဘက်ကိုကြည့်နေကြတာတွေ့ရတယ်။

ဆရာ၊ ဆရာမ အတော်များများ ကျောင်းဝင်းထဲမှာ ဟိုသည်သွားလာနေတာကိုလဲ တွေ့နေရပြီး အခြေအနေဘာဖြစ်မှန်းမသိ ကြည့်နေချိန်မှာပဲ “ကျောင်းတံခါးဖွင့်” “ကျောင်းတံခါးဖွင့်ပေး” ဆိုတဲ့ အော်သံတွေကိုကြားရတယ်။

ဘယ်သူတွေအော်နေတာလဲသိချင်စိတ်နဲ့ ကျောင်းရှေ့လမ်းကို ပိုမြင်ရတဲ့ အဆောင်‌ထိပ်ဆုံးထိလျှောက်သွားပြီး အသံတွေထွက်လာရာကို မျှော်ကြည့်လိုက်တဲ့အခါ ကျွန်မမျက်မှန်းတန်းမိနေတဲ့ ကိုးတန်း ဆယ်တန်းကကျောင်းသားကြီးတွေ နှစ်ဆယ် ဝန်းကျင်လောက်ဟာ လက်သီးလက်မောင်းတန်းရင်း ကျောင်းဝင်းတံခါးတွေဖွင့်ပေးဖို့ အော်ပြောနေကြတာ လှမ်းမြင်ရတယ်။

ကျောင်းရှေ့မှာ ကျောင်းသားတွေအပြင် ပြည်သူတွေလဲ အတော်များများစုဝေးနေကြပြီ။ ဒီနေ့မှသော့အကြီးကြီးတွေ နှစ်လုံးလောက်ဆင့်ခတ်ထားတဲ့ ကျောင်းဝင်းတံခါးတွေကို ဖွင့်ပေးဖို့ အော်ဟစ်တောင်းဆိုနေကြပေမဲ့ မပွင့်လာတဲ့အခါ ကျောင်းသားကြီးတွေဟာ ညာသံပေးရင်း ခိုင်ခံ့မှုအနည်းဆုံး ဖြစ်တဲ့ အရှေ့ဘက်ဆုံးဝင်းတံခါးကို တစ်ပြိုင်တည်း အရှိန်နဲ့ပြေးပြီး ပခုံးစောင်းနဲ့တိုက်ဖွင့်လိုက်ကြတယ်။ ဒါကိုမြင်လိုက်ရတဲ့တစ်ခဏ ကြက်သီးဖြန်းဖြန်းထရင်း ကျွန်မသွေးတွေ ပွက်ပွက်ဆူလာသလို ခံစားလိုက်ရတယ်။

ကျောင်းထဲကအသင့်စောင့်နေပုံရတဲ့ကျောင်းသားတွေနဲ့ ပွင့်သွားတဲ့ဝင်းတံခါးကနေဝင်လာတဲ့ကျောင်းသားတွေပေါင်းမိသွားပြီး ကျောင်းဝင်းထဲမှာကြွေးကြော်သံတွေ ဆူညံသွားတယ်။ ကျွန်မတို့အငယ်တန်းတွေကို အိမ်ပြန်ကြဖို့ ဆရာ၊ ဆရာမတွေက အပြေးအလွှားလိုက်ပြောကြတယ်။

ကျွန်မလဲ အများနည်းတူ အတန်းထဲကလွယ်အိတ်ကိုပြန်ယူပြီး ခဏအတွင်း လူတွေပျားပန်းခတ်သွားတဲ့ ကျောင်းရှေ့တံခါးတွေကမထွက်ဘဲ သူငယ်ချင်းတချို့နဲ့အတူ ကျောင်းနောက်ဘက် သံဆူးကြိုးကိုဖြဲထွက်ပြီး အိမ်ပြန်လာတယ်။

ကျွန်မအောက်ကအငယ်တွေရော မောင်နှမတွေ အိမ်မှာပြန်ဆုံကြချိန် ကျွန်မတို့အ‌ဖေနဲ့အမေက ဈေးမှာဆိုင်သွားဖွင့်နေချိန်မို့မရှိကြ။ မြင်ကွင်းတွေနဲ့ ကြွေးကြော်သံတွေကြောင့်သွေးဆူနေတဲ့ကျွန်မ လွယ်အိတ်ကို သူ့နေရာမှာ ချိတ်ရင်း “ငါ ဘာလုပ်ရမလဲ ဘာလုပ်ရမလဲ” လို့စိတ်ထဲကအကြိမ်ကြိမ်ရေရွတ်နေမိတယ်။ ခဏအကြာ “ငါ ကျောင်းကိုသွားကြည့်ဦးမယ်” လို့ မောင်‌လေးတွေကိုပြောရင်း ကျောင်းဘက်ကိုပြန်ထွက်လာခဲ့တယ်။

ကျောင်းရှေ့ပြန်ရောက်တဲ့အခါ ကျောင်းသားကျောင်းသူတွေရော ပြည်သူ‌တွေပါစုဝေးနေကြပြီး ခေါင်းဆောင်လို့ထင်ရသူအချို့ ဝိုင်းဖွဲ့တိုင်ပင်နေကြတာကိုတွေ့ရတယ်။ အချိန်သိပ်မကြာလိုက်ခင်မှာပဲ ကျောင်းသားကြီးတွေဟာ တန်းစီရပ်လိုက်ပြီး ရှေ့ဆုံးက ကျောင်းသားက ခွပ်ဒေါင်းအလံကိုလွှင့်ရင်း ကြွေးကြော်သံတွေ စတင်အော်ဟစ်လိုက်ကြတယ်။

အဲဒီနောက်မှာတော့ ကျွန်မအပါအဝင် စုဝေးနေကြတဲ့ ကျောင်းသား၊ ပြည်သူတွေဟာ ဦးဆောင်လိုက်ကြတဲ့ကျောင်းသားတွေနောက်က အလျှိုလျှိုတန်းစီလိုက်ကြရင်း ရှစ်လေးလုံးသပိတ်တိုက်ပွဲကြီးကို စတင်လိုက်ကြတယ်။

အဲဒီနေ့ကစလိုက်တဲ့ သပိတ်တိုက်ပွဲကြီးဟာ နောက်နေ့တွေမှာလဲ မနက် ၈ နာရီခွဲကစ ကျောင်းကြီးရှေ့မှာလူစု၊ စစ်ကြောင်းအသီးသီးပြင်ဆင်ပြီး ၉ နာရီမှာ စထွက်ကြတယ်။ ကျွန်မတို့ကျောင်းဟာ အရှေ့အနောက် အလျားမိုင် ၃၀ ဝန်းကျင်ရှည်လျားတဲ့ မြို့ရဲ့အလယ်လောက်မှာရှိတာမို့ သပိတ်စစ်ကြောင်းဟာ ကျောင်းရှေ့ကနေမြို့အရှေ့ဘက်နဲ့ အနောက်ဘက်ကို တစ်လှည့်စီထွက်တယ်။

စစ်ကြောင်းဖြတ်သန်းသွားရာလမ်းတစ်လျှောက် ရပ်ကွက်တွေမှာလဲ စုရပ်တွေလုပ်ထားပြီး ရပ်ကွက်ထဲ စစ်ကြောင်းရောက်လာတဲ့အခါ ဝင်တန်းစီပြီးလိုက်လာကြတယ်။ တစ်မြို့လုံးအတိုင်းအတာနဲ့ အစုအဖွဲ့အလိုက် ခေါင်းစဉ်အမျိုးမျိုးနဲ့ သပိတ်စစ်ကြောင်းကြီးဟာ မျက်စိတဆုံး။ ကြွေးကြော်သံတွေကလဲ ဘဝဂ်ညံလို့ပေါ့။

လမ်း‌ဘေးဝဲယာတစ်လျှောက်မှာလဲ သပိတ်လိုက်သူတွေကို ထမင်းထုပ်၊ ရေ၊ အအေး၊မုန့် စတာတွေပေးကမ်းဝေငှသူတွေအများအပြား။ ၁၂ နှစ်အရွယ်ကျွန်မဟာ တစ်ရက်မနား နေ့စဉ်ရက်ဆက် မနက် ၈ နာရီ ခွဲ အိမ်ကထွက်ပြီး တစ်နေကုန် သပိတ်စစ်ကြောင်းနဲ့လိုက် သပိတ်သိမ်းချိန် ညနေ ငါးနာရီ ခြောက်နာရီဝန်းကျင်မှပဲ အိမ်ပြန်ရောက်တယ်။ ကြွေးကြော်သံတွေလိုက်အော်ရင်း အသံတွေလဲနာလို့ပေါ့။

ညဘက်ရောက်ပြန်တော့ သပိတ်လိုက်ရင်းကြားခဲ့ရတာတွေနဲ့ သိလိုတာတွေကို ကျွန်မအဖေကိုမေးဖြစ်တယ်။ အဖေကလဲ မေးသမျှကိုရော၊ တစ်ပါတီအာဏာရှင်စနစ်အကြောင်း၊ ဆိုရှယ်လစ်အကြောင်း၊ ဒီမိုကရေစီအကြောင်း၊ အာဏာရှင်တွေအကြောင်း စတာတွေကို ညစဉ်ပြောပြတတ်ပြီး မတရားမှုကိုတွန်းလှန်ပုန်ကန်ဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိကြောင်း လမ်းညွှန်ဆုံးမခဲ့တယ်။

နေ့စဉ်ဆန္ဒပြပွဲလိုက်နေတဲ့အပေါ် စိုးစဉ်းမျှငြိုငြင်ခြင်းမရှိ အားပေးအားမြှောက်ပြုခဲ့သလို ဖခင်ကိုယ်တိုင်လဲ အဲဒီတော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင်ခဲ့တယ်။ ဖခင်ရဲ့လမ်းပြမှုနဲ့ ကျွန်မဟာ မတရားမှုကိုတော်လှန်ဖို့ နောက်မတွန့်ဘဲ ပိုပြီးစိတ်အားထက်သန်လာခဲ့တယ်။

ဒီလိုနဲ့နေ့စဉ်ချီတက်ကြရင်း ရက်တွေကြာလာတဲ့အခါ သပိတ်စစ်ကြောင်းကို အတားအဆီးအနှောင့်အယှက်တွေ စလုပ်လာတယ်။ စစ်ကြောင်းသွားရာရှေ့မှာပိတ်ဆို့ထားပြီး သေနတ်တွေနဲ့ချိန်ထားရင်း ဆက်မသွားဖို့ လူစုခွဲဖို့ ဖိအားပေးတာတွေ သေနတ်ပစ်ဖောက်တာတွေ ကြုံလာရတယ်။

ဒါပေမဲ့ လူထုဟာနည်းနည်းလေးတောင် နောက်မဆုတ်ဘဲ ရှေ့ဆက်ခဲ့ကြတယ်။ ဒါပေမဲ့ သပိတ်တိုက်ပွဲတစ်လခန့်ကြာလာချိန် ကျွန်မမှတ်မိသလောက်ဆိုရင် စက်တင်ဘာလ ၁၂ ရက်နေ့လောက် ဖြစ်မယ်ထင်ပါတယ်။

အဲဒီနေ့မနက်က ကျွန်မအ‌မေဟာ ကျွန်မကို ဒီနေ့စိတ်ထဲတစ်မျိုးဖြစ်နေလို့ ဆန္ဒပြမလိုက်ဖို့ ဆိုပြီး တားခဲ့တယ်။ ကျွန်မက နားမထောင်ဘဲ လိုက်မှာဖြစ်ကြောင်းပြောပြီး အဝတ်လဲ ထွက်လာတဲ့အခါ အိမ်ပေါက်ဝမှာပိတ်ထားပြီး အတင်းသွားမယ်လုပ်နေတဲ့ကျွန်မကို ရိုက်ပါတော့တယ်။

အဲဒီနေ့ကအိမ်က ဘယ်လိုမှထွက်မရတာကြောင့် ကျွန်မကစိတ်ဆိုးပြီး စာအုပ်တစ်အုပ်နဲ့ အိပ်ရာထဲဝင်ခွေနေပါတော့တယ်။ မေမေစိတ်ဆိုးပြီးပြောဆိုနေတာကြောင့် ဘယ်မှမသွားကြဘဲ အိမ်မှာမိသားစုစုံစုံလင်လင်ရှိနေကြတယ်။ မနက် ၁၁ နာရီလောက်မှာတော့ သေနတ်သံတွေကြားလိုက်ရပြီး ကျွန်မတို့အိမ်ခေါင်မိုးပေါ်ကို တဖြောက်ဖြောက်ကျလာသံတွေပါ ကြားလိုက်ရတယ်။

အိပ်ရာထဲကကျွန်မ စိုးရိမ်ပူပန်စွာနဲ့ အထိတ်တလန့် အိမ်ပြင်ပြေးထွက်မိတဲ့အခါ အပြင်မထွက်နဲ့ဆိုတဲ့ မေမေ့အော်သံကိုကြားရတယ်။ ကျွန်မ မေမေ့အော်သံကို ဂရုမထားဘဲ အိမ်အမိုးပေါ်က‌နေကျလာတဲ့အရာတွေကို လိုက်ရှာကောက်ပြီး ဒါဘာတွေလဲလို့ အဖေ့ကိုမေးမိတယ်။

အဖေက ကျည်ခွံတွေလို့ ပြန်ဖြေရင်း “ဒီ ေ-ွးသားတွေ ယုတ်မာပြီထင်တယ်” လို့ မချိတင်ကဲအသံနဲ့ရေရွတ်တယ်။ ကျွန်မအံ့ဩထိတ်လန့်စွာ အဖေ့ကိုကြည့်နေမိရင်း ဘာတွေဖြစ်ကုန်ပြီလဲအတွေးနဲ့ မျက်ရည်တွေဝဲလာတယ်။ ကျွန်မအ‌ဖေဟာ မေမေတားနေတဲ့ကြားက အပြင်ကိုခပ်သုတ်သုတ်ထွက်သွားတယ်။

အချိန်သိပ်မကြာလိုက်ပဲ ခေါင်းငိုက်စိုက်နဲ့ပြန်ရောက်လာတယ်။ ဘာဖြစ်တာလဲ ဘာကြားခဲ့လဲလို့ ကျွန်မတို့ဝိုင်းမေးတဲ့အခါ “ချီတက်လာတဲ့သပိတ်စစ်ကြောင်းကို အမြင့်ပိုင်းကနေစောင့်ပစ်တာ —ရပ်ကွက်က တက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသားတစ်ယောက် နဲ့ နောက်ယောက်ျားနှစ်ယောက် သုံးယောက် ကျဆုံးသွားတယ်တဲ့၊ ဒဏ်ရာရသူတွေလဲရှိတယ်လို့ ကြားခဲ့တယ်” လို့ အသံတုန်တုန်နဲ့ ကြေကွဲစွာပြန်ဖြေတယ်။

ပစ်တဲ့နေရာဟာ ကျွန်မတို့အိမ်နဲ့သိပ်မဝေးလှတဲ့ တောင်ကုန်းပေါ်မှာဖြစ်တာကြောင့် သေနတ်သံတွေကို ကျယ်ကျယ်လောင်လောင် ကြားလိုက်ရသလို ကျည်ခွံတွေ ကျွန်မတို့အိမ်အမိုးပေါ် ကျလာရခြင်းဖြစ်တယ်။

အဲဒီနောက်ရက်ကစပြီး ကျွန်မတို့မြို့လေးရဲ့ အာဏာရှင်စနစ်တိုက်ဖျက်ရေး ကြွေးကြော်သံတွေ ဆိတ်သုဉ်းခဲ့ရ တယ်။ ၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ဗိုလ်ချုပ်စောမောင် အာဏာလွှဲယူပြီး တိုင်းပြည်ဟာ အာဏာရှင် လက်အောက် ပြန်လည်ကျရောက်သွားပြန်တယ်။

မြို့လေးကတော့ ကျဆုံးသွားသူတွေအတွက်ဝမ်းနည်းကြေကွဲကြရင်း အာဏာရှင်အသစ်လက်အောက်မှာ တိတ်ဆိတ်သွားခဲ့ရတယ်။ ရက်ပိုင်းအတွင်းမှာပဲ မြို့က လူငယ်တချို့တောခိုသွားပြီ ဆိုတာတွေ၊ ဆရာ၊ ဆရာမတွေနဲ့ဝန်ထမ်းတွေကို အလုပ်ပြန်ဝင်ကြဖို့လက်မှတ်ထိုးခိုင်းတယ်ဆိုတာတွေ အဖေ့ဆီကကြားမိပေမဲ့ ငယ်သေးတာမို့ ဒီအကြောင်းအရာတွေကိုတော့ အတိအကျမသိခဲ့ပါ။

အခုလိုမီဒီယာခေတ်လဲမဟုတ်၊ အဝေးကသတင်းမှန်တွေသိဖို့မပြောနဲ့ တစ်မြို့ထဲမှာတောင် ဘယ်နေရာမှာဘာဖြစ်နေတယ်ဆိုတာ မသိရတဲ့ သတင်းအမှောင်ဖုံးတဲ့ ခေတ်၊ ဘယ်မြို့ဘယ်နေရာမှန်းမသိ ဘယ်သူတွေက လူတွေကိုရင်ခွဲပြီး ကလီစာတွေ အစိမ်းစားလို့ဆိုတာမျိုး၊ ဘယ်ကမှန်းမသိတဲ့ လက်မဲကြီးကြောင့် ရွာသား‌တွေ ထိတ်လန့်ပြီး ညဘက်မအိပ်ရဲဘဲကင်းစောင့်ကြရတယ်ဆိုတာတွေ စတဲ့ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ကြားရတဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကလဲ ဖောင်းပွလို့၊ ပြည်သူလူထုကလဲ ဘာကိုယုံရမှန်းမသိ ထိတ်လန့်တုန်လှုပ်ရင်း မိုးလင်းရင် ဘာသတင်းဆိုးကြားရမလဲအတွေးနဲ့ ရင်တထိတ်ထိတ် ဖြတ်ကျော်ခဲ့ရတဲ့နေ့ရက်တွေ။

BBC/VOA ကလွှင့်တဲ့သတင်းတွေကို နားထောင်ရင် ဖမ်းမယ်ဆိုတာ‌ကြောင့် တိုင်းပြည်အခြေအနေသိရဖို့ သတင်းလွှင့်တတ်တဲ့ မနက်စောစောနဲ့ ညဘက်တွေမှာ မိသားစုနီးနီးကပ်ကပ်ထိုင်ပြီး ရေဒီယိုလေးအလယ်မှာချ တိုးတိုးလေးဖွင့်နားထောင်ရတဲ့အဖြစ်။ မျက်စိပိတ်နားပိတ်နဲ့ ဘယ်‌လောက်မှအမြင်မကျယ်ကြသေးပေမဲ့ အဲဒီခေတ်က ပြည်သူလူထုဟာ အာဏာရှင်စနစ်ကိုတွန်းလှန်ဖို့ တစ်ခဲနက်လှုပ်ရှားရုန်းကြွခဲ့ဖူးကြတယ်။

အကြောက်တရားနဲ့ဖိနှိပ်တာကြောင့် အောင်မြင်မှုမရခဲ့ပေမဲ့ တစ်နိုင်ငံလုံးအုံကြွတော်လှန်ခဲ့ကြတဲ့ ရှစ်လေးလုံးအရေးတော်ပုံဟာ ကျွန်မအတွက် ဘယ်တော့မှ မမေ့ပျောက်နိုင်တဲ့အရာဖြစ်သလို မေ့ဖျောက်မရနိုင်တဲ့ သမိုင်းဝင်ဖြစ်ရပ်တစ်ခုအ‌နေနဲ့ ကမ္ဘာတည်သရွေ့ မှတ်တမ်းဝင်နေမှာပဲဖြစ်ပါတယ်။

နှင်းဆီနီနီ