ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်တွင် ယခုလဝက်အတွင်း စစ်မှုထမ်းအဓမ္မစုဆောင်းခံရသူ ၁၀ ဦးကျော်ရှိ

June 15, 2026

ထားဝယ်တွင် ဇွန်လ ပထမနှစ်ပတ်အတွင်း စစ်မှုထမ်းအဓမ္မစုဆောင်းခံရသူ လူငယ်အမျိုးသား ၁၀ ဦးကျော်အထိ ရှိလာကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် မြို့ခံခရီးသွားများထံမှ သိရသည်။

ဇွန်လ ပထမပတ်အတွင်း ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်တစ်ခုမှ အမျိုးသားတစ်ဦးနှင့် ဇွန်လ ၇ ရက်နေ့တွင် ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ်ကြားရှိ ထားဝယ်မြစ်ကူးတံတားဖြစ်သည့် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် လူငယ်လေးဦးတို့ကို စစ်အာဏာရှင်တပ်က စစ်မှုထမ်းအဖြစ် အဓမ္မဖမ်းဆီးစုဆောင်းသွားကြောင်း ကိုယ်တိုင်တွေ့ရသည့် ခရီးသွားမြို့ခံအချို့ထံမှ သိရသည်။

ထို့အပြင် ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင်လည်း ကမြောကင်းတံတား စစ်ဆေးရေးဂိတ်၌ပင် ထပ်မံ၍ လူငယ်အမျိုးသားနှစ်ဦးနှင့် အသက် ၄၀ ဝန်းကျင်အရွယ်ရှိ အမျိုးသားလေးဦးတို့ကိုလည်း စစ်အာဏာရှင်တပ်မှ စစ်မှုထမ်းအဖြစ် အဓမ္မလာရောက်စုဆောင်းဖမ်းဆီးသွားခဲ့ကြောင်း ကိုယ်တိုင်တွေ့ရသည့် မြို့ခံခရီးသွား အမျိုးသမီးတစ်ဦးက ပြောသည်။

“သူတို့ကားပေါ် တွေ့လိုက်တာက အဲဒီနေ့က လူငယ်နှစ်ဦးနဲ့ လူလတ်ပိုင်းလေးဦးပါတယ် အားလုံး မျက်နှာမသာဘဲ ခေါင်းစိုက်ပြီး ပါသွားကြတယ်။ လုံခြုံရေးက နှစ်ယောက်နဲ့ ဖမ်းသွားတဲ့ ကားပေါ်မှာ တွေ့ရတာ” ဟု ၎င်းက ပြောသည်။

ကမြောကင်းတံတား စစ်ဆေးရေးဂိတ်၌ စစ်အာဏာရှင်တပ်၏ စစ်မှုထမ်းစုဆောင်းရေးအဖွဲ့သည် တစ်လလျှင် နှစ်ကြိမ်ထက်မနည်း ခရီးသွားလူငယ်များကို စစ်မှုထမ်းအဖြစ် လစဉ် အဓမ္မဖမ်းဆီးလေ့ရှိသည်။

ယခု အရေအတွက်မှာ မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ သိရခြင်းဖြစ်ပြီး မြေပြင်တွင် ယခုထက်ပိုများနိုင်ဖွယ်ရှိနေသည်။

ပြီးခဲ့သည့် မေလကလည်း ထားဝယ်မြို့ရှိ မြို့အဝင်အထွက်ဂိတ်နှစ်ခုဖြစ်သည့် ကမြောကင်းတံတားဂိတ်၊ ပေါက်တိုင်းတံတားဂိတ်နှင့် ကမ်းနားလမ်းတို့တွင် စုစုပေါင်း လူငယ် ၁၀ ဦးကျော်ကို စစ်မှုထမ်းအဖြစ် စစ်အာဏာရှင်တပ်က အဓမ္မစုဆောင်းဖမ်းဆီးခဲ့သေးသည်။

စစ်အာဏာရှင်တပ်သည် စစ်မှုထမ်းအပတ်စဉ် ၂၅ သင်တန်းကို ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့က ကျွန်းစုမြို့နယ် တနင်္သာရီရေတပ်စခန်းဌာနချုပ် ကွပ်ကဲမှုအောက်ရှိ အမှတ် ၅၇ ရေတပ်လေ့ကျင့်ရေးတပ်တွင် ဖွင့်လှစ်ခဲ့သည်။