ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တရားမဝင် နိုင်ငံခြားသားများကို အမြစ်ပြတ်နှိမ်နင်းရန် ထိုင်းရဲဗိုလ်ချုပ်ကြီး အမိန့်ပေး

May 13, 2026

ထိုင်းနိုင်ငံရှိ တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို ရှာဖွေဖော်ထုတ်၍ အဆင့်သုံးဆင့်ဖြင့် အမြစ်ပြတ်အောင် ရှင်းလင်းရန် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ရဲဗိုလ်ချုပ်ကြီး Kitrat Panphet က ညွှန်ကြားလိုက်သည်။

နိုင်ငံခြားသားအများအပြား နေထိုင်သည့် နေရာများတွင် တရားမဝင် နေထိုင်လုပ်ကိုင်နေသူများကို ရှာဖွေနှိမ်နင်းသွားရန် မေလ ၁၂ ရက်တွင် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ တရားမဝင် ဝင်ရောက်နေထိုင်မှုများ၊ တရားမဝင် လုပ်ငန်းများအတွက် ထိုင်းနိုင်ငံကို ကြားခံ အဖြစ် အသုံးပြုမှုများ၊ နိုင်ငံခြားသားများကို တရားမဝင် အလုပ်ခန့်ထားမှုများ၊ ထိုင်းအမည်ခံ စီးပွားရေးလုပ်ငန်းများ စသည်တို့ကို ကာကွယ်ဖြေရှင်းနိုင်ရန်အတွက် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဆိုသည်။

တရားမဝင် လုပ်ငန်း လုပ်ကိုင်နေသော နိုင်ငံခြားသားများကို နှိမ်နင်းရန် ထိုင်းရဲတပ်ဖွဲ့က အဆင့် သုံးဆင့်ခွဲ၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

ပထမအဆင့်တွင် ပထမသုံးလအတွင်း နိုင်ငံထဲ တရားမဝင် နေထိုင်၍ လုပ်ငန်းလုပ်ကိုင်နေသူများကို ရှာဖွေ ဖော်ထုတ် ဖမ်းဆီးရေးဖြစ်ပြီး တရားမဝင် လုပ်ငန်းများနှင့် ပတ်သက်၍ အချက်အလက်များ စုဆောင်းသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

အထူးသဖြင့် မူးယစ်ဆေးဝါး၊ အမည်ခံ စီးပွားရေးလုပ်ငန်းများ၊ နည်းပညာဆိုင်ရာ ရာဇဝတ်မှုများ၊ နိုင်ငံတော် လုံခြုံရေးဆိုင်ရာအမှုများ စသည့်တို့ကို ပစ်မှတ်ထား နှိမ်နင်းမည်ဖြစ်ကြောင်း ဆိုသည်။

တရားမဝင် ဝင်ရောက်လာမှုများ၊ လိင်ပိုင်းဆိုင်ရာလုပ်ငန်းများ၊ လူမှောင်ခိုပို့ဆောင်မှုများကို ဒေသဆိုင်ရာ ရဲတပ်ဖွဲ့များနှင့် ပူးပေါင်း၍ တင်းတင်းကျပ်ကျပ် ရှာဖွေ စစ်ဆေး နှိမ်နင်းမည်ဖြစ်ကြောင်း ဖော်ပြသည်။

ဒုတိယအဆင့်အနေဖြင့် ဒုတိယသုံးလအတွင်း လဝကနှင့် ပူးပေါင်း၍ တရားမဝင် နေထိုင်လုပ်ကိုင်နေသူများကို အမြစ်ပြတ် ရှင်းလင်းသွားရန်ဖြစ်ကြောင်း ဖော်ပြသည်။

နိုင်ငံခြားသားများ၏ နေထိုင်ခွင့် ဗီဇာနှင့် စီးပွားရေးလုပ်ငန်း အချက်အလက်အားလုံးကို တိုက်ဆိုင်စစ်ဆေး၍ ပြစ်မှုကျူးလွန်သူများကို ဗီဇာရုပ်သိမ်းမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

တတိယအဆင့်အနေဖြင့် တစ်နှစ်မှ ၂နှစ်အတွင်း ရဲတပ်ဖွဲ့စနစ်ထဲ နိုင်ငံခြားသားများ၏ အချက်အလက်များကို ထည့်သွင်း၍ Database စနစ်တစ်ခုကို ဖန်တီးမည်ဖြစ်ကြောင်း ရဲဗိုလ်ချုပ်ကြီးက ဆိုသည်။

Database မှတစ်ဆင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု၊ လူမှောင်ခိုပို့ဆောင်မှုများနှင့် ဆက်စပ်၍ နိုင်ငံတကာရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ စုံစမ်းစစ်ဆေးမှုများကို ကျယ်ကျယ်ပြန့်ပြန်လုပ်ဆောင်သွားရန် ရှိကြောင်း ပြောသည်။

ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း တရားမဝင် လုပ်ငန်းများနှင့်ပတ်သက်၍ ဆက်စပ်သူများနှင့် ချိတ်ဆက်လုပ်ကိုင်မှုများမှ ရှောင်ရှားကြရန် သတိပေးထားပြီး အကယ်၍ စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ပြောသည်။

လက်ရှိတွင် နိုင်ငံခြားသားများ တရားမဝင် လုပ်ကိုင်နေသည်ဟု သံသယရှိပါက တိုင်ကြားနိုင်ရန် အရေးပေါ်ဖုန်းနံပါတ်များကိုလည်း ကြေညာထားသည်။

Ref: CH 7, The Standard, JS 100