ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား ၉၀ဦးကို ယနေ့ မတ်လ ၁၃ ရက်တွင် ကော့သောင်းမြို့သို့ ပြန်ပို့လိုက်ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သူများထံမှ သိရသည်။
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား အမျိုးသား ၆၅ ဦး၊ အမျိုးသမီး ၂၅ ဦး စုစုပေါင်း ၉၀ ဦးကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် မြန်မာစစ်အစိုးရထံသို့ ပြန်လွှဲပြောင်းခြင်း ဖြစ်သည်။
ယခု ပြန်ပို့မှုသည် ၂၀၂၆ ခုနှစ်အတွင်း ရှစ်ကြိမ်မြောက်ဖြစ်ပြီး စစ်အစိုးရထံသို့ ပြန်လည်လွှဲပြောင်းခံရသူ မြန်မာနိုင်ငံသား ၆၅၇ ဦး အထိရှိလာသည်။
ဇန်နဝါရီလတွင် နှစ်ကြိမ် မြန်မာနိုင်ငံသား ၁၆၈ ဦးနှင့် ဖေဖော်ဝါရီလတွင် နှစ်ကြိမ် ၁၂၈ ဦး၊ မတ်လတွင် နှစ်ကြိမ် ၁၉၃ ဦး၊ ဧပြီလတွင် ၇၈ ဦး၊ မေလတွင် ၉၀ ဦး နေရပ်ပြန်ပို့ပြီးဖြစ်သည်။




ပြီးခဲ့သော ၂၀၂၅ ခုနှစ်အတွင်း ရနောင်းမှ ကော့သောင်းသို့ ပြန်ပို့ခံရ ၁၆ ကြိမ်ရှိခဲ့ပြီး စုစုပေါင်း ၂၀၇၂ ဦးအထိ ရှိခဲ့သည်။
၂၀၂၄ ခုနှစ်တွင်မူ ရနောင်းထိန်းသိမ်းရေးစခန်းမှ ကော့သောင်းသို့ ပြန်လွှဲပြောင်းမှုအကြိမ်ရေ စုစုပေါင်း ၁၄ ကြိမ်ရှိပြီး မြန်မာနိုင်ငံသား ၂၀၀၅ ဦးကို လွှဲပြောင်းခဲ့သည်။
ထိုင်းနိုင်ငံဘက်မှ ကော့သောင်းဘက်သို့ ပြန်ပို့လာသူများကို စစ်အာဏာရှင်တပ်က အဓမ္မစစ်မှုထမ်းစုဆောင်းမှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း စစ်မှုထမ်းစုဆောင်းခံရရာမှ ထွက်ပြေးလွတ်မြောက်လာသူများနှင့် ကော့သောင်း ဒေသခံများထံမှ သိရသည်။







