ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ဝဇွမ်းတောကျေးရွာတွင် စစ်အာဏာရှင်တပ်က ယနေ့ ဇူလိုင်လ ၁၂ ရက် နံနက်ပိုင်းတွင် နေအိမ်နှစ်ဆောင်အား မီးရှို့ဖျက်ဆီးကြောင်း ဒေသခံများထံမှ သိရသည်။
ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းသို့ ဇူလိုင်လ ၉ရက်ကစပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်သည် ယနေ့ နံနက် ၈နာရီဝန်းကျင်တွင် ဝဇွမ်းတောကျေးရွာသို့ ရောက်ရှိကြောင်း စစ်ဘေးရှောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“သူတို့ စဝင်လာကတည်းက ဘာပစ်ခတ်မှုမှလည်းမရှိဘဲနဲ့ မီးရှို့တာ” ဟု ၎င်းက ဆိုသည်။
ယင်းအပြင် ဇူလိုင်လ ၁၁ရက် မွန်းလွဲပိုင်းကလည်း ဧကနိကျေးရွာအတွင်းရှိ လူနေအိမ်အချို့ကို စစ်အာဏာရှင်တပ်က မီးရှို့ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။
ထားဝယ်အထူးစီးပွားရေးဇုန်ဒေသသို့ စစ်ကြောင်းထိုးဝင်ရောက်စဉ် စစ်အာဏာရှင်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသည့် ကားသမား ခြောက်ဦးနှင့် ဒေသခံအချို့မှာလည်း ယနေ့ ဇူလိုင်လ ၁၂ ရက်အထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။
စစ်ကြောင်းသည် ယနေ့ ဇူလိုင်လ ၁၂ရက် ညနေပိုင်းတွင် ကုန်းသာယာအင်းကျေးရွာသို့ ရောက်ရှိလာပြီး လူနေအိမ်များတွင် တပ်စွဲထားကြောင်းဒေသခံများထံမှ သိရသည်။
ထို့ကြောင့် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသအတွင်းရှိ ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ၊ ၀ဇွမ်းတော၊ ရဲငဲ၊ ကုန်းသာယာအင်း၊ ကညင်အင်း စသည့်ကျေးရွာ ခုနစ်ရွာက ဒေသခံများမှာ နေအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း စစ်ဘေးရှောင်ဒေသခံများထံမှ သိရသည်။







