မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာရှိ ခမရ ၅၉၁ တပ်ရင်းကို ရေးဘီလူးအဖွဲ့က RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ရာမှ နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများနှင့် ရေးဘီလူးအဖွဲ့ထံမှ သိရသည်။
နိုဝင်ဘာလ ၁၀ ရက် မွန်းလွဲ ၂ နာရီကျော်က ကျောင်းရွာကျေးရွာရှိ ခြေမြန်တပ်ရင်း-ခမရ ၅၉၁ တပ်ရင်း အရာရှိလိုင်းခန်းကို ရေးဘီလူးအဖွဲ့က RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။
“ရေးဘီလူးက ခမရ ၅၉၁ တပ်ရင်းထဲကို လက်နက်ကြီးတွေ လှမ်းထုတာ ဟိုက (တပ်ရင်း) လည်း ပြန်ပစ်တော့ နှစ်ဖက် အပြန်အလှန်ပစ်ခတ်ကြတာ။ သေနတ်သံက နာရီဝက်လောက်ရှိမယ် ကြားရတယ်” ဟု ကျောင်းရွာဒေသခံတစ်ဦးက ပြောသည်။
နှစ်ဖက်ပစ်ခတ်မှုတွင် ရေးဘီလူးဘက်က တောင်ကုန်းပေါ် နေရာရထားသည့်အတွက် အသာစီးရထားသည့် အနေအထား ဖြစ်ပြီး စစ်အာဏာရှင်ဘက်က အထိနာခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။
“ကျွန်တော်တို့ဘက်က ကျောင်းရွာကျေးရွာထိပ် ရေစင်ကုန်းကို ရရှိထားတော့ ခမရ ၅၉၁ တပ်ရင်းအတွင်းက အရာရှိလိုင်းခန်းအထိကို RPG ထုနိုင်ခဲ့တယ်။ တိုက်ပွဲမှာ အသာစီးရတယ်” ဟု ရေးဘီလူးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
နှစ်ဖက်ပစ်ခတ်မှုအတွင်း စစ်အာဏာရှင်တပ်ဘက်က ထိခိုက်မှု ရှိနိုင်ပြီး အရေအတွက်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်သည်။
ရေးဘီလူးအဖွဲ့ဘက်ကမူ ထိခိုက်မှုမရှိကြောင်း ဖော်ပြသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အာဏာရှင် ခမရ ၅၉၁ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယခုရက်ပိုင်းအတွင်း ကျောင်းရွာကျေးရွာနှင့် အနီးအနားတဝိုက်တွင် စစ်အာဏာရှင်တပ်သား အင်အား ၂၀ ခန့်ရှိသည့် သွားလာလှုပ်ရှားနေကြောင်း ဒေသခံများက ပြောဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်ကလည်း ရေးမြို့နယ်မြောက်ပိုင်း၊ နှင်းစုံကျေးရွာ ရေး-သံဖြူဇရပ်ကားလမ်းပေါ်ရှိ စစ်အာဏာရှင် လက်အောက်ခံ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ DKBA ဘက်က လေးဦးသေဆုံးပြီး ဗိုလ်ကြီးအဆင့်အပါအဝင် ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရကြော်း ရေးဘီလူးအဖွဲ့က ဆိုသည်။







