ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်တွင် လျှပ်စစ်မီတာ စျေးထပ်တက်၊ တစ်ယူနစ် ၁၆၀၀ ကျပ်ခန့်ရောက်ရှိ

September 9, 2024

ပုံစာ - မြိတ်မြို့တွင် လျှပ်စစ်မီးလိုင်းများပြုပြင်နေသည်ကို တွေ့ရစဉ်။ဓာတ်ပုံ - Petro & Trans

မြိတ်မြို့နယ်အတွင်း ဩဂုတ်လအတွက် လျှပ်စစ်မီတာခဈေးနှုန်းမှာ တစ်ယူနစ်လျှင် ကျပ်သုံးရာကျော် ထပ်တက်သွားရာ ၁၆၀၀ ကျပ်ခန့်ရောက်ရှိသွားပြီဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။

မြိတ်မြို့နယ်အတွင်း လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးနေသည့် Petro & Trans ကုမ္ပဏီက လျှပ်စစ်တစ်ယူနစ်လျှင် ၁၅၉၈ ကျပ် သတ်မှတ်ကောက်ခံလာခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လကမူ လျှပ်စစ်တစ်ယူနစ်လျှင် ၁၂၈၅ ကျပ်ကောက်ခံနေသည့်အတွက် ၃၁၃ ကျပ် တိုးမြှင့်လိုက်ခြင်းဖြစ်သည်။

မြိတ်မြို့နယ်အတွင်းသုံးစွဲမည့် လျှပ်စစ်ကို Petro & Trans ကုမ္ပဏီက ဒီဇယ်စက်ကြီးများဖြင့် ထုတ်လုပ်ဖြန့်ဖြူး နေခြင်းဖြစ်ပြီး ဒီဇယ်ဆီဈေးနှုန်းကို တွက်ချက်ကောက်ခံနေခြင်းဖြစ်ကြောင်း ကုမ္ပဏီဘက်က ပြောဆိုခဲ့ဖူးသည်။

တစ်ယူနစ်လျှင် ၁၂၈၅ ကျပ် ကောက်ခံစဉ်က မြိတ်ဈေးကွက်အတွင်း ဒီဇယ်တစ်ပီပါလျှင် ကိုးသိန်းလေးသောင်းကျပ် ဝန်းကျင် ပေါက်ဈေးရှိပြီး လက်ရှိယူနစ်ဈေးတိုးမြင့်ကောက်ခံချိန်တွင် ကျပ်ကိုးသိန်းဝန်းကျင်သာ ပေါက်ဈေးရှိသည်။

အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း မြိတ်မြို့နယ်၏ လျှပ်စစ်မီတာခမှာ တဖြည်းဖြည်းတက်လာရာက ဩဂုတ်လအတွင်း တက်သွားသည့်ဈေးနှုန်းမှာ အများဆုံးတက်သွားသည့် ပမာဏဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

ထိုကဲ့သို့လျှပ်စစ်မီတာခနှုန်းထား ဆက်တိုက်မြင့်တက်နေခြင်းကြောင့် လျှပ်စစ်ကို အတတ်နိုင်ဆုံးချွေတာသုံးစွဲနေရပြီး လုပ်ငန်းဆက်လက်လည်ပတ်ရေးအတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ခုဖြစ်လာကြောင်း မြိတ်မြို့တွင်ဆယ်နှစ်ကျော် အကြာ အလှပြင်ဆိုင်ဖွင့်ထားသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

“အခုလက်ရှိက အရင်းရှုံးတဲ့အခြေအနေမဟုတ်သေးပေမယ့် လည်ပတ်နိုင်ရုံပဲရှိတော့တယ်။ ဒီအတိုင်းဆက်သွားနေရင် ဆိုင်ပိတ်ပြီး နေရတော့မယ့်ဘဝဖြစ်တော့မှာ။ လုပ်စားဖို့က အဆင်မပြေတော့ဘူးလေ” ဟုအဆိုပါ အမျိုးသမီးက ပြောသည်။

လျှပ်စစ်မီတာခ ဈေးတက်သည့်ကိစ္စနှင့်ပတ်သက်ပြီး Petro & Trans ကုမ္ပဏီ၏ မြိတ်မြို့နယ် မီတာရေးရာဌာနကို ဖုန်းဆက်မေးမြန်းရာတွင် တိုင်းအစိုးရ(စစ်ကောင်စီ)က သတ်မှတ်ပေးသည့်နှုန်းထားအတိုင်းသာ ကောက်ခံခြင်းဖြစ် ကြောင်း တုံ့ပြန်သည်။

“ဘယ်လိုကြောင့်တက်လဲဆိုတာ မသိဘူးရှင့်။ ဒီဟာတွေအကုန်လုံးက တိုင်း(တိုင်းစစ်ကောင်စီ)က သတ်မှတ်ပေးတဲ့ ဈေးနှုန်းပါရှင်”ဟု မီတာရေးရာဌာန တာဝန်ကျဝန်ထမ်းက ပြောသည်။

Petro & Trans ကုမ္ပဏီသည် မြိတ်မြို့နယ်အပြင် ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းကိုလည်း လုပ်ကိုင်နေသည်။

အဆိုပါ ကုမ္ပဏီက ထားဝယ်ခရိုင်နှင့် မြိတ်မြို့နယ်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း သ‌ဘောတူစာချုပ် သက်တမ်း ၄ နှစ်ကုန်ဆုံးသွား၍ ယခုနှစ် မတ်လတွင် စစ်ကောင်စီနှင့် စာချုပ် ပြန်လည်ချုပ်ဆိုထားသည်။

သို့သော် လျှပ်စစ်တစ်ယူနစ်လျှင် စျေးနှုန်းမည်မျှဖြင့် ချုပ်ဆိုခဲ့သည်ကိုမူ ပြည်သူများအား အသိပေးထားခြင်း မရှိပေ။