ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် မြန်မာအလုပ်သမားတစ်ဦး အမြင့်မှ ပြုတ်ကျ၍ ဒဏ်ရာရရှိသော်လည်း ဆေးကုသခွင့် မရဘဲ သေဆုံးသွားခဲ့သောအမှုတွင် မိသားစုဝင်များက နစ်နာကြေး ဘတ် ခုနစ်သိန်းခွဲ ရရှိခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။
ဇွန်လ ၆ ရက် မွန်းလွဲ ၂ နာရီခန့်က ချွန်ဘူရီခရိုင် ဖနတ်နိခွန်ဒေသတွင် အသက် ၂၉ နှစ်အရွယ် ကိုလှိုင်မြင့်သည် တရုတ်နိုင်ငံသားပိုင် ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေရင်း အမြင့်မှ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာရနေသော ကိုလှိုင်မြင့်ကို ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ခြင်းမရှိဘဲ ထိုင်းနိုင်ငံသားတစ်ဦးက ဘုန်းကြီးကျောင်းသို့ ခေါ်ဆောင်သွားကြောင်း၊ ည ၇ နာရီခန့်တွင် အလောင်းကို မီးသင်္ဂြိုဟ်ပြီးဟု မိသားစုဝင်များထံ အကြောင်းကြားလာခဲ့သည်။
မိသားစုဝင်များ၏ ခွင့်ပြုချက်မပါဘဲ အလောင်းကို မီးသင်္ဂြိုဟ်လိုက်သဖြင့် WAG အဖွဲ့ထံ အကူအညီတောင်းခံခဲ့ကာ ဇွန်လ ၇ ရက်နေ့က ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။
ကိုလှိုင်မြင့်သေဆုံးမှုအတွက် နစ်နာကြေး ဘတ် ၁ သိန်းပေးမည်ဟု အလုပ်ရှင်ဘက်က ကနဦး ညှိနှိုင်းခဲ့သော်လည်း မိသားစုဝင်များက လက်မခံခဲ့ကြောင်း သိရသည်။
ဇွန်လ ၈ ရက်နေ့ နံနက် ၉ နာရီတွင် မိသားစုဝင်များနှင့် အလုပ်ရှင်များကြား ရဲစခန်းနှင့် အလုပ်သမားရုံးတွင် ညှိနှိုင်းဖြေရှင်းခဲ့ရာမှ ကိုလှိုင်မြင့်သေဆုံးမှုအတွက် နစ်နာကြေးကို ဘတ် ၇၅၀,၀၀၀ ကို ရရှိခဲ့ကြောင်း WAG အဖွဲ့က ကိုမုန်တိုင်းက ပြောသည်။
“နစ်နာကြေးကိုတော့ ညှိနှိုင်းပြီးတာနဲ့ တစ်ခါတည်း ပေးလိုက်တာပါ။ မိသားစုဘက်ကလည်း နစ်နာကြေး အကုန် ရပြီးသွားပြီဆိုတော့ အမှုကို ပိတ်လိုက်ပြီပေါ့နော်” ဟု WAG အဖွဲ့က ကိုမုန်တိုင်းက ဆိုသည်။
ကိုလှိုင်မြင့်သေဆုံးမှုအတွက် လူမှုဖူလုံရေးရန်ပုံငွေ (ပကန်စံခွန်) မှ နစ်နာကြေး ၇၅၀,၀၀၀ နှင့်အတူ လုပ်အားခ ဘတ် ၂၂,၀၀၀ ကို ရရှိခဲ့ကြောင်း ကိုမုန်တိုင်းက ပြောသည်။
နစ်နာကြေးများကို ရရှိခဲ့ပြီးနောက် သေဆုံးမှုနှင့်ပတ်သက်၍ တိုင်ကြားထားမှုကို မိသားစုဝင်က ပိတ်သိမ်းလိုက်ကြောင်း သိရသည်။
ကိုလှိုင်မြင့်သည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ အရာတော်ကျေးရွာဇာတိဖြစ်သည်။







