အမှတ် ၈ ပြည်ထောင်စုကားလမ်းမ ၊ ရန်ကုန်-ထားဝယ် အဝေးပြေးကားလမ်းမနှင့် ထားဝယ်ခရိုင်အတွင်းရှိ အဝေးပြေးလမ်းများတွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ညပိုင်း ခရီးသွားလာခြင်းမပြုကြရန် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရေဖြူပကဖ) က စက်တင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်လိုက်သည်။
အလားတူ ဩဂုတ်လ ၃၁ ရက်ကလည်း ထားဝယ်-ရန်ကုန်လမ်းပိုင်းတွင် ညပိုင်းသွားလာခြင်း မပြုကြရန် ထားဝယ်ခရိုင် ပြည်သူကာကွယ်ရေးတပ်မတော် ၊ အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းလမ်းပိုင်းများတွင် ပြည်သူ့ကာကွယ်ရေး တပ်များ၏ စစ်ဆေးခြင်းကို လက်ခံပေးကြရန် နှင့် စစ်ကောင်စီတပ်ဖွဲ့ကားများနှင့် အနီးကပ်မောင်းနှင်ခြင်းမပြုရန် စသည့်အချက်များလည်း အဆိုပါထုတ်ပြန်ချက်များတွင် ပါဝင်သည်။
“ပြည်သူတွေ ထိခိုက်နစ်နာမှာကို ကျွန်တော်တို့ လုံးဝ မလိုလားပါဘူး။ ကျွန်တော်တို့ရဲ့ ကြေညာချက်အပေါ် လိုက်နာဆောင်ရွက် ပူးပေါင်းပါဝင်ပေးကြဖို့ တောင်းဆိုချင်ပါတယ်” ဟု ထားဝယ်ခရိုင်၊ အမှတ် ၁ တပ်ရင်းတာဝန်ခံကပြောသည်။
လမ်းပိုင်းစစ်ဆေးမှုအနေဖြင့် လိုအပ်ပါက ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
ယခုနှစ် ဇူလိုင်လတွင် ရန်ကုန်-ထားဝယ်လမ်း ရေဖြူမြို့နယ်အပိုင်းတွင် ပြည်သူ့ကာကွယ်ရေး တပ်များစုပေါင်းပြီး လမ်းပိုင်းစစ်ဆေးရေး တစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
“ ရေး-ထားဝယ်လမ်းပိုင်းမှာတော့ PDF စစ်ဆေးတာတွေရှိတယ်။ ထားဝယ်လမ်းပိုင်းမှာတော့ မရှိသေးဘူး။ ည ၆ နာရီကနေ မနက် ၆ နာရီ အတွင်းသတ်မှတ်တာကတော့ လမ်းကြောင်းပုံမှန်အတိုင်း နေ့တွေဆိုရင်တော့ အဆင်ပြေပါတယ်။ လမ်းမှာကြန့်ကြာသွားရင်တော့ နည်းနည်းအခက်အခဲ ဖြစ်တာပေါ့ “ ဟု ရန်ကုန်-ထားဝယ် ခရီးသည်တင်ယာဥ်မောင်းတစ်ဦးက ပြောသည်။
စစ်ကောင်စီကလည်း ရန်ကုန်-ထားဝယ်လမ်း တနင်္သာရီတိုင်းဒေသကြီးအဝင် မလွှဲတောင် စစ်ဆေးရေးဂိတ်တွင် ညနေ ၆ နာရီကျော်ပါက ဂိတ်ပိတ်ပြီး ကားများဖြတ်သန်းခွင့် မပြုတော့ကြောင်း ၎င်းကဆက်ပြောသည်။
ရန်ကုန်-ထားဝယ်လမ်းပိုင်းရှိ ထားဝယ်ခရိုင်အပိုင်း လမ်းပိုင်းများတွင် စစ်ကောင်စီယာဥ်တန်းများ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရသလို အရပ်သားကားနှင့် ဌာနဆိုင်ရာကားများ ပစ်ခတ်ခံရမှုများလည်းရှိသည်။
ပုံစာ – ဇူလိုင်လက ရန်ကုန်-ထားဝယ်လမ်းပိုင်းတွင် စစ်ဆေးမှုပြုလုပ်စဥ်







