ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကြက်သွန်နီဈေး ထပ်တက်လာသည့် ထားဝယ်ဈေးကွက်

July 4, 2026

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သွန်နီဈေး ထပ်မံမြင့်တက်လျက်ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ် ဇွန်လ ၂၈ရက်က ထားဝယ်ဈေးကွက်အတွင်း ကြက်သွန်နီတစ်ပိဿာ ၅,၀၀၀ ကျပ်မှ ဇူလိုင် ၄ ရက်တွင် တစ်ပိဿာ ၅,၅၀၀ ကျပ်သို့ ဈေးတက်သွားသည်။

ထားဝယ်ဈေးကွက်တွင် ဇွန်လ ဒုတိယပတ်ကစပြီး ကြက်သွန်နီဈေးတက်နေခြင်းဖြစ်သည်။

ဇွန်လ ပထမပတ်က ကြက်သွန်နီတစ်ပိဿာ ၃,၅၀၀ကျပ်မှ ဇွန်လဒုတိယပတ်တွင် ၄,၀၀၀ကျပ်၊ တတိယအပတ်တွင် ၄,၅၀၀ကျပ်နှင့် ဇွန်လ နောက်ဆုံးပတ်တွင် ၅,၀၀၀ကျပ်အထိ ဈေးတက်လာသည်။

ယခု ဇူလိုင်လ ပထမပတ်တွင် တစ်ပိဿာ ၅,၅၀၀ကျပ်အထိ ဈေးတက်လျက်ရှိပြီး ရက်သတ္တပတ် တစ်ပတ်လျှင် ကြက်သွန်နီတစ်ပိဿာလျှင် ၅၀၀ ကျပ် နှုန်းဖြင့် လေးပတ်ဆက်တိုက် ဈေးမြင့်တက်နေသည်ကို တွေ့ရှိရသည်။

ကြက်သွန်ဖြူ၊ စားသုံးဆီနှင့် အခြားစားဖိုဆောင်သီးနှံများမှာမူ ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်လျက်ရှိနေသည်။

သို့သော် ယခုသီတင်းပတ်အတွင်း တိုင်းပြင်ပမှ တင်သွင်းလာသည့် အောင်စင်္ကြာ ၁၁ အနီ အမှတ်တံဆိပ် ဆန်မှာမူ ယခုသီတင်းပတ်အတွင် ဈေးမြင့်တက်လျက်ရှိသည်။

ဇွန်လ ၂၈ ရက်က ထားဝယ်ဈေးကွက်‌တွင် အောင်စင်္ကြာ ၁၁ အနီရောင် အမှတ်တံဆိပ် ဆန်တစ်အိတ်လျှင် ၁၀၆,၅၀၀ကျပ်မှ ဇူလိုင်လ ၄ ရက်တွင် ၁၁၅,၀၀၀ကျပ်သို့ ဈေးတက်လာရာ တစ်ပတ်အတွင်း တစ်အိတ်လျှင် ၈,၅၀၀ကျပ် ဈေးတက်သွားခြင်း ဖြစ်သည်။

ဒေသထွက်ဆန်နှင့် အခြားသော တိုင်းပြင်ပမှ တင်သွင်းလာသည့် ဆန်အမျိုးအစားများမှာမူ ဇယားပါအတိုင်း ဈေးငြိမ်နေကြသည်ကို တွေ့ရှိရမည်ဖြစ်သည်။